ပိုပြီးဟာသဉာဏ်ရွှင်တဲ့သူက ဘယ်သူတွေလဲ

yyl-020-1.jpg

စာဖတ်ပရိသတ်တွေကော ပိုပြီးဟာသဉာဏ်ရွှင်တဲ့သူက ဘယ်သူတွေလို့ ထင်လဲ။ အမျိုးသားတွေလား (ဒါမှမဟုတ်) အမျိုးသမီးတွေလား။ Aberystwyth University နဲ့ University of North Carolina က သုတေသီတွေကတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြား လေ့လာစမ်းသပ်ချက်တစ်ခု လုပ်ဆောင်ခဲ့ကြပါတယ်။ ပတ်ဝန်းကျင်က အမျိုးသမီးတွေကို ရယ်စရာပြက်လုံးထုတ်တာကို ဟန့်တားကြတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လေ့လာချက်က လူ (၅၀၀၀) ကို သူတို့ဘယ်လို ဟာသလုပ်တာလဲဆိုတာကို အနီးကပ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

လေ့လာချက်အများစုက လေ့လာချက်မှာပါဝင်သူတွေကို ပုံတစ်ပုံအတွက် ရယ်စရာစာသားတစ်ခု ရေးခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာ အကဲဖြတ်အဖွဲ့ဝင်တွေကို ပါဝင်သူတွေရဲ့ယောကျာ်း၊ မိန်းမဖြစ်တည်မှုကို မပြထားဘဲ အကဲဖြတ်စေခဲ့ပါတယ်။ လေ့လာချက်ပြီးသွားတဲ့ အခါမှာတော့ အမျိုးသား (၆၃) ရာခိုင်နှုန်းက အမျိုးသမီးတွေထက် ပိုပြီးဟာသဆန်တဲ့စာသားကို ရေးသားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

လေ့လာချက်ရဲ့စာရေးသူ ဂေးလ် ဂရင်းဂရော့စ် (Gil Greengross) ကလည်း အမျိုးသမီးတွေထက် အမျိုးသားတွေက ဟာသပြက်လုံးတွေ ပိုပြီးထုတ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ လေ့လာချက်မှာ ပါဝင်တဲ့ အမျိုးသားတိုင်းက အမျိုးသမီးတိုင်းထက်ပိုပြီး ရယ်စရာကောင်းတယ်လို့ ဆိုလိုတာမဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။

အမျိုးသမီးတွေ ဟာသဉာဏ်နည်းရတာက လူမှုအသိုင်းအဝိုင်းက ပြက်လုံးထုတ်ပြတာတွေကို ဟန့်တားထားတာကြောင့် ဖြစ်နိုင်ပါတယ်။ လူမှုအဖွဲ့အစည်းက ပေါ့တောတောနေတဲ့သူ၊ ရွတ်နောက်နောက်နေတဲ့ အမျိုးသမီးတွေကို သိပ်မကြိုက်ကြတဲ့အတွက် အမျိုးသမီးတွေကို ရယ်စရာအဖြစ် မမြင်စေချင်ကြဘူးလို့ ဂေးလ်က ဆိုပါတယ်။

ဟာသလောကထဲကို ဝင်ရောက်နေတဲ့အမျိုးသမီးတွေကို စိတ်ပျက်သွားစေနိုင်တယ်ဆိုပြီး ဒီလေ့လာချက်ကို ဟာသလူရွှင်တော်တွေ ကန့်ကွက်တာလည်းရှိပါတယ်။ အခုခေတ်ဟာသလောကမှာ ပြက်လုံးထုတ်နိုင်တဲ့ အမျိုးသမီးတော်တော်များများလည်းရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Ref: Study finds men are funnier than women
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top