အာဆီယံထိပ်သီးအစည်းအဝေးရဲ့ လက်လွတ်မခံသင့်တဲ့ အကြောင်းအရာများ

4.10.2019.jpg

”ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂရဲ့အေဂျင်စီတွေ လှုပ်ရှားခဲ့တဲ့ကာလက လက်ရှိအစိုးရသက်တမ်းထက် (၁၀)ဆပိုကြာနေလို့ ဒီကိစ္စ ဘယ်လောက်ရှုပ်ထွေးလဲဆိုတာကို သိလိမ့်မယ်”

ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)

နိုဝင်ဘာလ ၁ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် အသေးစား၊ အငယ်စားနဲ့ အလယ်စားလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍ အရေးပါပုံကို အသားပေးပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

”မြန်မာနိုင်ငံလို တက်သစ်စဈေးကွက်မှာ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်း (MSME) တွေကနေ Formal Sector(အခွန်ရမယ်၊ ပြည်တွင်းကုန်ထုတ်လုပ်မှု (GDP) ကို အထောက်အပံ့ဖြစ်စေမယ်၊ လုပ်ငန်းမှတ်ပုံတင်ထားပြီး အစိုးရရဲ့ထိန်းချုပ်မှု အောက်မှာရှိမယ် အစရှိတဲ့လုပ်ငန်းကဏ္ဍ)အတွက် အလုပ်အကိုင်သစ်(၅)ပုံ၊ (၄)ပုံ ဖန်တီးပေးနိုင်ပြီး Informal Sector(GDP မှာ ထည့်တွက်ခြင်းမရှိ၊ လုပ်ငန်းမှတ်ပုံတင်ထားခြင်းမရှိ၊ သို့သော် တရားဝင်တဲ့လုပ်ငန်း)ကိုပါ ထည့်ပေါင်းလိုက်ရင် အလုပ်အကိုင်အခွင့်အလမ်း စုစုပေါင်းရဲ့ (၉၀)ရာခိုင်နှုန်းလောက် ဖန်တီးပေးနိုင်မယ့်အတွက် MSME တွေအပေါ်အာရုံစိုက်တာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်၊ စတုတ္ထမြောက် စက်မှုခေတ်ကို အသွင်ကူးပြောင်းရာမှာ မြန်မာနိုင်ငံရဲ့ MSME တွေက ရှေ့တန်းကနေ ပါဝင်နေပြီး ပြည်တွင်းစီးပွားရေးကို မောင်းနှင်ပေးနေတယ်၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် အစိုးရရုံးတွေက သွားနေစရာမလိုဘဲ တစ်နေရာတည်းမှာ ခွင့်ပြုမိန့်၊ လိုင်စင်တွေ ရနိုင်တဲ့ Single Window စနစ်ကို သီလဝါစီးပွားရေးဇုန်မှာ စတင်အသုံးပြုနေပြီး တခြားစီးပွားရေးဇုန်တွေမှာလည်း ဆက်လက်အသုံးပြုသွားမယ်”လို့ အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (ASEAN Business and Investment Summit 2019)မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

(၃၅)ကြိမ်အာဆီယံထိပ်သီး အစည်းအဝေးမှာ တရုတ်နိုင်ငံက ကမ္ဘာ့အကြီးမားဆုံး ဒေသတွင်းကုန်သွယ်ရေး သဘောတူစာချုပ် (Regional Comprehensive Economic Partnership) ချုပ်ဆိုဖို့ အဆိုပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးပဋိပက္ခ ဖြစ်ပွားနေချိန်မှာချိန်ခွင်လျှာ ပြန်ညှိနိုင်စေမယ့် လှုပ်ရှားမှုအဖြစ် တရုတ်နိုင်ငံက RCEP စာချုပ်ကို တတ်နိုင်သမျှ အစောဆုံး ချုပ်ဆိုဖို့ ဆန္ဒရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံ(၁၀)နိုင်ငံနဲ့ အလွတ်ကုန်သွယ်ရေး သဘောတူညီချက်ရှိတဲ့ နိုင်ငံ(၆)နိုင်ငံ(တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်)ကြား ချုပ်ဆိုဖို့ ရည်ရွယ်ထားတဲ့ အဲဒီစာချုပ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုရဲ့ (၃၀)ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့လူဦးရေတစ်ဝက်နီးပါး အပေါ်သက်ရောက်မှုရှိမှာပါ။ ဒါပေမဲ့ သူတို့ဈေးကွက်ထဲကို တရုတ်နိုင်ငံရဲ့ ဈေးပေါတဲ့ ပစ္စည်းတွေ လိမ့်ဝင်လာရင် အသေးစားစီးပွားရေးလုပ်ငန်း တွေထိခိုက်မှာ စိုးရိမ်တဲ့အတွက် အိန္ဒိယနိုင်ငံက သဘောမတူခဲ့လို့ အခုနှစ်ထဲမှာ စာချုပ်ချုပ်ဆိုနိုင်ဖို့ မရှိတော့ပါဘူး။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှပဲ စာချုပ်ချုပ်ဖြစ်နိုင်တယ်လို့ အာဆီယံထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

နိုဝင်ဘာလ ၃ ရက်က ကျင်းပခဲ့တဲ့ အာဆီယံ-ကုလသမဂ္ဂ (၁၀)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် နေရပ်စွန့်ခွာခဲ့တဲ့ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ)တွေ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က တောင်းဆိုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေကြောင့် ဘင်္ဂါလီ ၇၄၀၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားရောက်ခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတောင်းဆိုမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပညာသားပါပါ တုံ့ပြန်သွားခဲ့ပါတယ်။ ” ရခိုင်ပြည်နယ်အရေးက အရှုပ်ထွေးဆုံး အခြေအနေ တစ်ရပ်ဖြစ်တယ်၊ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့
ကုလသမဂ္ဂရဲ့အေဂျင်စီတွေ လှုပ်ရှားခဲ့တဲ့ကာလက လက်ရှိအစိုးရသက်တမ်းထက် (၁၀)ဆပိုကြာနေလို့ ဒီကိစ္စ ဘယ်လောက်ရှုပ်ထွေးလဲ ဆိုတာကိုသိလိမ့်မယ်။ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ နှစ်ဖက်သဘောတူစာချုပ်၊ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေနဲ့ ချုပ်ဆိုခဲ့တဲ့ သုံးပွင့်ဆိုင်သဘောတူညီချက်တွေကို အခြေခံပြီး (မြန်မာနိုင်ငံမှာ အမှန်တကယ်နေထိုင်ခဲ့သူတွေကို ) ပြန်ခေါ်ဖို့ အပြည့်အဝ အာမခံတယ်။ ရခိုင်ပြည်နယ်က ပြဿနာတွေကို လက်တွေ့ကျပြီး မျှမျှတတ ချဉ်းကပ်မယ့် မိတ်ဆွေတွေရဲ့ ကူညီပံ့ပိုးမှုရယူပြီး လက်တွဲလုပ်ဆောင်ဖို့ မြန်မာအစိုးရက ဆန္ဒရှိတယ်။ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို တာဝန်ယူစောင့်ရှောက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး”လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ်အစည်းအဝေး တစ်ရပ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒ(Look East Policy)၊ အိမ်နီးချင်းဦးစားပေးမူ ဝါဒ(Neighbourhood First) တွေအရမြန်မာနိုင်ငံက အဓိကအရေးပါတဲ့ လက်တွဲဖက်နိုင်ငံဖြစ်နေလို့ မြန်မာနိုင်ငံမှာ လမ်း၊ ဆိပ်ကမ်းနဲ့ တခြားအခြေခံ အဆောက်အအုံတွေ တည်ဆောက်မှုအပါအဝင် ကူးလူးဆက်ဆံမှု ပိုကောင်းလာအောင် ဆောင်ရွက်သွားမယ်လို့ နာရန္ဒြာမိုဒီက ကတိပြုခဲ့ပါတယ်။ ”အိန္ဒိယနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုက မြန်မာအစိုးရအတွက် အရေးပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာရေး၊ ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာအားကောင်းလာရေးအတွက် အိန္ဒိယနိုင်ငံရဲ့တစိုက်မတ်မတ် အားပေးထောက်ခံမှုကို အလေးထားတယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်မှာ လက်နက်ကိုင်အဖွဲ့တွေ မလှုပ်ရှားနိုင်စေရေးအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယအစိုးရက တန်ဖိုးထားတယ်လို့ နာရန္ဒြာမိုဒီကပြောပါတယ်။ နိုဝင်ဘာလကုန်ကျရင် CLMV နိုင်ငံတွေ(ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်)တွေ ပါဝင်မယ့် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ရှိပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top