ကျွန်တော်က ရုပ်ရှင် ကြည့်ရတာ နှစ်သက်သူတစ်ယောက်ပါ။ ရုပ်ရှင်ထဲက သရုပ်ဆောင် တော်တော်များများကိုလည်း သူတို့ရဲ့ သရုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ စကားပြောပုံတွေ၊ အမူအရာတွေ၊ ပြင်ပဘဝနေထိုင်မှု စတာတွေကြောင့် ကျွန်တော် သဘောကျပါတယ်။ ဒီလို ကျွန်တော်သဘောကျတဲ့ သရုပ်ဆောင်တွေထဲမှာမှ ကျွန်တော်အကြိုက်ဆုံး သရုပ်ဆောင် တစ်ယောက်ရှိပြီး အဲ့ဒီသရုပ်ဆောင်ကလည်း အကောင်းဆုံးသရုပ်ဆောင်လို့ ပြောမယ်ဆိုရင်တောင် လွန်မယ်မထင်ပါဘူး။ အဲ့ဒါကတော့ တွမ်ဟန့်ပါပဲ။ ကျွန်တော် စာတစ်ပုဒ် ဖတ်ဖူးတယ်။ လူတစ်ယောက် အမေရိကန် အိမ်ဖြူတော် ရောက်သွားတော့ အိမ်ဖြူတော်က တာဝန်ရှိသူတစ်ယောက်က သူ့ကို ဧည့်ခံတယ်တဲ့။ ဧည့်ခံပြီးရော ဘယ်သူတွေနဲ့ တွေ့ချင်သေးလဲလို့ ပြောတော့ အဲ့ဒီလူကတွမ်ဟန့် ကိုတွေ့ဖူးချင်တယ် လို့ပြောလိုက်တယ်တဲ့။ အဲ့အချိန်မှာ ဧည့်ခံတဲ့သူက တွမ်ဟန့်ဆိုရင် ငါတောင်တွေ့ဖူးချင်သေးတယ် လို့ပြန်ပြောသတဲ့။ ဒါကိုကြည့်ခြင်းအားဖြင့် မင်းသားကြီးတွမ်ဟန့်ကို ပြည်တွင်းပြည်ပလူတွေ ဘယ်လောက် ချစ်ခင်ကြတယ် ဆိုတာသိသာပါတယ်။
တွမ်ဟန့်ရဲ့ ဇာတ်ကားတွေ အကြောင်း အရင်မပြောခင် တွမ်ဟန့်အကြောင်းကို အရင် မိတ်ဆက်ကြရအောင်။ တွမ်ဟန့်က ၁၉၅၆ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့မှာ မွေးခဲ့ပြီး အခုဆိုရင် အသက် ၆၁ နှစ် ရှိနေပါပြီ။ လောဘကြီးတယ်ပဲဆိုချင်ဆို ကျွန်တော်ကတော့ တွမ်ဟန့်ရဲ့ ဇာတ်ကားတွေ ထပ်ကြည့်ချင်သေးလို့ သူ့ကို ဒီလောက်တောင် အသက်မကြီးစေချင်ပါဘူး။ တွမ်ဟန့်ရဲ့ ထင်ရှားတဲ့ ဇာတ်ကားတွေကတော့ Splash (1984)၊ Big (1988)၊ Turner & Hooch (1989)၊ Philadelphia (1993)၊ Forrest Gump (1994)၊ Apollo 13 (1995)၊ Saving Private Ryan (1998)၊ You’ve Got Mail (1998)၊ The Green Mile (1999)၊ Cast Away (2000)၊ Road to Perdition (2002)၊ Catch Me If You Can (2002)၊ The Terminal (2004)၊ Bridge of Spies (2015) နဲ့ The Da Vinci Code (2006) တို့ပဲဖြစ်ပါတယ်။ တွမ်ဟန့် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ အနည်းဆုံး ၇၆ ကားလောက်ရှိပါတယ်။
တွမ်ဟန့်ရဲ့ ဇာတ်ကားတွေက အမေရိကနဲ့ ကနေဒါမှာတင် ရုံတင်ကြေး ၄.၅ ဘီလီယံလောက်ရခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ၉ ဘီလီယံခန့်ရှိခဲ့ပါတယ်။ မြောက်အမေရိကမှာ တတိယဝင်ငွေအများဆုံး သရုပ်ဆောင်ဖြစ်တဲ့ တွမ်ဟန့်ဟာ အော်စကာဆုလို့ အများသိကြတဲ့ အကယ်ဒမီဆုကို 1993 Philadelphia ၊ 1994 Forrest Gump ဇာတ်ကားတို့နဲ့ ၂ ကြိမ်ရရှိခဲ့တဲ့အပြင် Golden Globe ဆုကိုတော့ ၄ ကြိမ်ရခဲ့ပြီး တခြားဆုပေါင်းများစွာလည်းရခဲ့ပါသေးတယ်။ တွမ်ဟန့်ဟာ အကယ်ဒမီဆုကို ၂ နှစ်ဆက်တိုက်ရခဲ့တဲ့ သရုပ်ဆောင် ၂ ယောက်ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ တခြားတစ်ယောက်ကတော့ စပန်ဆာ ထရေစီ ပါ။
တွမ်ဟန့်ဟာ ကမ္ဘာတစ်ဝှမ်းက သူ့ပရိတ်သတ်တွေဆီကို သူ့ရဲ့သရုပ်ဆောင်ချက်တွေမှတဆင့် ခံစားချက်တွေ ပို့လွှတ်နိုင်တဲ့ အစွမ်းရှိသူတစ်ဦးပါ။ တွမ်ဟန့်ဟာ ရုပ်ဖြောင့်ဖြောင့် မင်းသား၊ တိုက်ခိုက်ရေးမင်းသား မဟုတ်သလို သမာရိုးကျတစ်ပုံစံတည်းရှိတဲ့ မင်းသားလည်း မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် တွမ်ဟန့်က ကျရာဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ပိတ်ကားထက်မှတဆင့် ခံစားချက်တွေကို ပီပြင်စွာ ပေးပို့နိုင်သူတစ်ယောက်ပါ။ ဒါကိုလည်း သူကောင်းကောင်း သက်သေပြခဲ့ပြီးပါပြီ။ ရိုးရာလေး ပရိတ်သတ်တို့လည်း တွမ်ဟန့်ရဲ့ ဇာတ်ကားတွေကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် သူ့ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ကျွန်တော် ခံစားမိသလောက်ကို ဖော်ပြလိုက်ပါတယ်။
၁။ Cast Away (2000)
တွမ်ဟန့် လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ လူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်က စုတ်ချွန်းချွန်းလူတစ်ယောက်ကို ပြေးမြင်မိတာပါပဲ။ ဒီဇာတ်လမ်းက ရှင်းပါတယ်။ တွမ်ဟန့်က Fedex သယ်ယူပို့ဆောင်ရေးကုမ္ပဏီရဲ့ အကြီးတန်း လူကြီးတစ်ယောက်ပါ။ တစ်နေ့မှာ လေယာဉ်နဲ့ ကုန်တွေပို့ရင်းနဲ့ လေယာဉ်ပျက်ကျပြီး လူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်း ရောက်သွားပါတော့တယ်။ အဲ့ဒီကျွန်းမှာ ၄ နှစ်လောက် သောင်တင်နေပြီး အိမ်ပြန်ဖို့ ကြိုးစားတာကို ရိုက်ကူးထားတာပါ။ မင်းသမီးတွေ အက်ရှင်ခန်းတွေ မပါပါဘူး။ တွမ်ဟန့်ရဲ့ သရုပ်ဆောင်ချက်ကြောင့်သာ ဒီကားက ဒီလောက်အသက်ဝင်လာတာပါ။ တွမ်ဟန့်တစ်ယောက် ဒီဇာတ်ကားအတွက် ဘယ်လောက်စိတ်နှစ်ထားလဲဆိုတာ ကျွန်းပေါ်သောင်တင်နေတဲ့ အခန်းကိုရိုက်ဖို့ အတွက် လအနည်းငယ်အတွင်း ၅၅ ပေါင် အထိ ဝိတ်လျှော့ခဲ့တာကို ကြည့်ရင်သိသာပါတယ်။ ကျွန်တော်ကတော့ တွမ်ဟန့်ရဲ့ ကျွန်းပေါ်သောင်တင်နေတဲ့ ဇာတ်ကောင် ချက်နိုလန် နဲ့ သူပျင်းလွန်းလို့ နာမည်ပေးထားတဲ့ ဘောလီဘောလေး ဝီဆင်ကိုကြည့်ရင်း အထီးကျန်မှုကို သိသိသာသာကြီးခံစားရပါတယ်။ တွမ်ဟန့်ဇာတ်ကားတွေထဲမှာ ဒီကားကတော့ ကျွန်တော်အကြိုက်ဆုံးပါ။ ဇာတ်အစကနေ ဇာတ်အဆုံးအထိ တွမ်ဟန့်နဲ့အတူမျှောပါပြီး သူ့ရဲ့ ဇနီးနဲ့ ပေါင်းမှ ပေါင်းရပါ့မလားလို့ စိတ်ပူနေခဲ့တာပါ။
နောက်ဆုံးဇာတ်သိမ်းကတော့ ကြည့်ရှုသူတွေကို ခံစားချက်အမျိုးမျိုးပေးပါတယ်။ ချက်နိုလန်တစ်ယောက် သူကျွန်းပေါ်မှာ သောင်တင်စဉ်က လုံးဝမဖွင့်ဘဲ သိမ်းထားတဲ့ Fedex ပါဆယ်ထုတ်ကို အမျိုးသမီးတစ်ယောက်အား သွားပေးတော့လည်း ဘာတွေဖြစ်လာမလဲလို့ စောင့်ကြည့်ခဲ့ပါသေးတယ်။ မကြည့်ရသေးတဲ့သူတွေ ဇာတ်သိမ်းသိနေရင် အရသာပျက်နေမှာဆိုးလို့ ကျွန်တော် ရှောင်ရေးလိုက်ပါတယ်။ တွမ်ဟန့်ရဲ့ ပရိတ်သတ်တွေရော၊ ပရိတ်သတ် မဟုတ်သေးသူတွေရော ဒီဇာတ်ကားကို ကြည့်ပြီးရင် တွမ်ဟန့်ရဲ့သရုပ်ဆောင်ချက်တွေကို သဘောကျသွားမှာပါ။
၂။ Forrest Gump (၁၉၉၄)
“ဘဝဆိုတာ ချောကလတ်ဘူးတစ်ဘူးလိုပဲ။ မင်းဘာတွေရလာမလဲဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး လို့ ကျွန်တော့်အမေက ပြောဖူးတယ် ” ဆိုတဲ့ စကားကို ပြောသူကတော့ Forrest Gump တစ်ဖြစ်လဲ တွမ်ဟန့်တစ်ယောက်ပါ။ ၁၉၉၄ ခုနှစ်ကထွက်ရှိထားတဲ့ ဇာတ်ကားဟာ IMDB Rating 8.8 နဲ့ Rotten Tomatoes ၇၁% ရထားတဲ့ ဇာတ်ကားဖြစ်ပြီး ၁၉၈၆ ခုနှစ်ထုတ် Winston Groom ရဲ့ ဝတ္ထုကို အခြေပြုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ တွမ်ဟန့်တစ်ယောက် အော်စကာဆုရခဲ့တာ ဖြစ်ပြီး ဉာဏ်ရည်နည်းနည်း နိမ့်တဲ့ Forrest Gump အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဉာဏ်ရည်နည်းပေမဲ့ Forrest Gump ဟာ တကယ်ကြင်နာတတ်တဲ့ နှလုံးသားရှိသူတစ်ယောက်ဖြစ်ပြီး သူ့ဘဝမှာ တစ်ယောက်ကိုမှ အကောက်မကြံဖူးပါဘူး။ သူကြွေရတဲ့ ကောင်မလေး ဂျင်းနီရယ် ၊ သူအမေရယ် သူ့ဘဝမှာ ကြုံတွေခဲ့ရတဲ့ သူတွေကို ချစ်ဖို့ပဲသိသူတစ်ယောက်ပါ။ ဉာဏ်ရည် နိမ့်သူတစ်ယောက်ဖြစ်ပေမဲ့ Forrest Gump ဟာ ကံတော့ အတော်ကောင်းသူတစ်ယောက်ဖြစ်ပြီး ၂၀ ရာစုနောက်ပိုင်း အမေရိကန်သမိုင်းတစ်လျှောက် တကယ့် ဖြစ်စဉ်ကြီးတွေဖြစ်တဲ့ ဗီယက်နမ်စစ်ပွဲ၊ ပင်ပေါင် သံတမန်ရေးရာလို့ခေါ်တဲ့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး စားပွဲတင်တင်းနစ်ကစားပွဲတွေမှာလည်း ပါဝင်ခွင့်ရခဲ့သလို ၊ Apple ကုမ္ပဏီ ရှယ်ယာရှင်တောင် ဖြစ်သွားပါသေးတယ်။ ဒီဇာတ်ကားကို ကျွန်တော် ကြည့်ရင်းခံစားမိလာတာတစ်ခုက Forrest Gump ဘဝက တော်တော် အေးချမ်းတာကိုပါ။ သူ့လုပ်သင့်တယ်လို့ ထင်တဲ့ ဟာတွေလျှောက်လုပ်မယ်။ သူ့လုပ်တဲ့ အရာတွေကနေ အောင်မြင်လာရင်လည်း ဘယ်ဟာကိုမှ မမက်မောဘူး။ တစ်ခါတစ်လေကျတော့လည်း ဘဝမှာ အေးချမ်းဖို့အတွက် ကျွန်တော်တို့ ဉာဏ်နည်းဖို့ လိုနေသလားလို့တောင် တွေးမိပါသေးတယ်။
၃။ Catch Me If You Can (၂၀၀၂)
IMDB rating 8.1 ရထားတဲ့ ဒီဇာတ်ကားမှာ လီယိုနာဒို ဒီကာပရီယိုနဲ့ တွမ်ဟန့်တို့ ပူးတွဲသရုပ်ဆောင်ထားပြီး လီယိုနာဒိုက အသက် ၁၈ နှစ်တောင်မပြည့်သေးပေမဲ့ လိမ်လည်တဲ့နေရာမှာ ဆရာကျသူတစ်ယောက်ပါ။ ပထမဆုံး ဒီကားနဲ့ ပတ်သတ်ပြီးပြောရမှာက တွမ်ဟန့်ရော လီယိုနာဒိုရော သူတို့ရဲ့ ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံး သရုပ်ဆောင်သွားနိုင်တာပါပဲ။ FBI အေးဂျင့်အဖြစ်သရုပ်ဆောင်တဲ့ တွမ်ဟန့်ကို လီယိုနာဒိုတစ်ယောက် လှည့်ပတ်သွားပုံတွေ၊ ကွက်ကျော်သွားပုံတွေက ရင်တစ်မမနဲ့ ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ အကောင်းဆုံးတစ်ချက်က လီယိုနာဒိုတစ်ယောက် လူလိမ်တစ်ယောက်အဖြစ် အမြဲတမ်းနေလို့မရဘူးဆိုတာကို သဘောပေါက်သွားတဲ့အချိန်ပါပဲ။ နောက်ဆုံးမှာ အသက်ငယ်ငယ်လေးနဲ့ လမ်းမှားရောက်နေတဲ့ လီယိုနာဒိုကို ကယ်တင်ချင်တဲ့ တွမ်ဟန့်နဲ့ တွမ်ဟန့်ရဲ့ စေတနာကို နားလည်လာတဲ့ လီယိုနာဒိုတို့ ဆက်ဆံရေးဖွံ့ ဖြိုးလာပုံကလည်း ချစ်စရာကောင်းလွန်းပါတယ်။
၄။ Saving Private Ryan (၁၉၉၈)
Saving Private Ryan ဇာတ်ကားက တွမ်ဟန့်ရဲ့ အကောင်းဆုံး စစ်ကားတွေထဲက တစ်ကားအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ ဇာတ်ကားပါ။ ဒီကားဟာ စစ်ပွဲရဲ့အနိဌာရုံတွေကို အကောင်းဆုံးပုံဖော်နိုင်ပြီး လူကိုယ်တိုင် စစ်မြေပြင်ရောက်နေသလို ခံစားရပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေကို ဝင်တိုက်တဲ့ အခန်းကို ရိုက်ကူးထားတာပါ။ မက်ဒေမွန်တို့ ညီအစ်ကို ၄ ယောက်လုံးက အမေရိကန်စစ်သားတွေပါ။ ညီအစ်ကို ၃ ယောက်လုံးက စစ်မြေပြင်မှာ ကျကုန်ပါပြီ။ အထက်လူကြီးတွေကလည်း မိခင်ဖြစ်သူကို စာနာတော့ သားအထွေးဆုံးဖြစ်သူ မက်ဒေမွန်ကို အသက်မသေဘဲ မိခင်ကြီးဆီကို ပြန်ပို့ပေးချင်ကြပါတယ်။ ဒါ့ကြောင့် တွမ်ဟန့်နဲ့ တပ်ဖွဲ့ဟာ အထက်ရဲ့ တာဝန်ပေးချက်အရ မက်ဒေမွန်ကို ရှေ့တန်းကနေ သွားရှာပြီး ကယ်ကြတဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ချစ်သူတစ်ယောက်ဆိုရင်တော့ ကမ္ဘာမှာ ဒီလိုဇာတ်ကားလေးတွေ ကြည့်ခွင့်ရတုန်း ကြည့်ကို ကြည့်ထားသင့်ပါတယ်။
၅။ Big (၁၉၈၈)
စိတ်ကူးယဉ်ဟာသဇာတ်ကား တစ်ကားဖြစ်တဲ့ Big မှာတော့ ကလေးဆန်ဆန်ပုံစံ တွမ်ဟန့်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဂျော့ဘတ်ရှ် ကင်လို့ ခေါ်တဲ့ အသက် ၁၂ နှစ်အရွယ်ကလေးလေးတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာ ပန်းခြံထဲက carnival ride လို့ခေါ်တဲ့ ကလေးတွေကိုလှည့်ပေးတဲ့စက်မှာ အရပ်ပုလွန်းတဲ့အတွက် စီးခွင့်မရခဲ့ပါဘူး။ ဒါ့အပြင် ဘတ်ရှ်ကင်လေးဟာ သူ့ထက်အသက်ကြီးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ စင်သီယာ ကို ကြိုက်နေတဲ့အတွက် အသက်မြန်မြန်ကြီးချင်နေပါတယ်။
နောက်ရက်ကြတော့ Zoltar Speak လို့ခေါ်တဲ့ အနာဂတ်ကို ပြောပေးနိုင်တဲ့ ရှေးဟောင်းစက် တစ်လုံးထဲကို ငွေအကြွေစေ့တစ်စေ့ ထည့်လိုက်ပြီး အရွယ်ရောက်တဲ့သူတစ်ယောက်ဖြစ်ချင်တယ် လို့ ဆုတောင်းလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ စက်က မင်းဆုတောင်းပြည့်ပြီ လို့ရေးထားတဲ့ ကဒ်တစ်ကဒ် ပြန်ထုတ်ပေးလိုက်ပါလေရော။ ချက်ချင်းကြီးဘာမှ မဖြစ်သွားပေမဲ့ နောက်တစ်နေ့မနက်ရောက်တော့ ဘတ်ရှ်ကင်ဟာ အသက် ၃၀ အရွယ် လူကြီးတစ်ယောက် အဖြစ်ပြောင်းသွားပါသတဲ့။ အဲ့ဒီနေရာမှာ သရုပ်ဆောင်သူကတော့ တွမ်ဟန့်ပါပဲ။ ဘတ်ရှ်ကင်ဟာ အလန့်တကြားနဲ့ Zoltar Speak ကို ပြန်လိုက်ရှာပေမဲ့ အဲ့စက်နေရာမှာ ဘာမှမရှိဘဲ ပြောင်သလင်းခါနေပါတယ်။ အသက် ၃၀ အရွယ် ဖြစ်နေပေမဲ့ ကလေးစိတ်သာ ရှိသေးတဲ့ ဘတ်ရှ်ကင်တစ်ယောက် သူ့ရဲ့ မိဘတွေကို ရှင်းပြဖို့ ကြိုးစားပေမဲ့ ဘတ်ရှ်ကင်ရဲ့ မိဘတွေကလည်း ကလေးကို သူ ပြန်ပေးဆွဲသွားတယ်ပဲ ထင်ကြပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ကလေးဆန်တဲ့ စိတ်ကြောင့် အရုပ်တွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ လစာကောင်းကောင်းနဲ့ အရုပ်တွေ ကောင်းမကောင်းဆုံးဖြတ်ပေးရတဲ့ အလုပ်ကို ရသွားပါတယ်။ နောက်ပိုင်းမှာ ဂျော့ဘတ်ရှ် ကင်တစ်ယောက် ဘာတွေဆက်ဖြစ်သွားမလဲ၊ တွမ်ဟန့်တစ်ယောက် ကလေးဘဝကို ပြန်ရောက်သွားမလား ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ IMDB Rating 7.3 နဲ့ Rotten Tomatoes ၉၇ ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်ပရိတ်သတ်တွေအနေနဲ့ ဇာတ်မြူးနဲ့ Drama ဇာတ်လမ်းမှာ တွမ်ဟန့်တစ်ယောက် ဘယ်လို သရုပ်ဆောင်မလဲဆိုတာကို ခံစားနိုင်မယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
၆။ Captain Phillips (၂၀၁၃)
ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်တုန်းက Maersk Alabama ကုန်တင်သဘောၤ ကို ဆိုမာလီပင်လယ်ဓားပြတွေ အပိုင်စီးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီး တွမ်ဟန့်ရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားမဟုတ်ပေမဲ့ ဒီလို ဇာတ်လမ်းမှာတောင် တွမ်ဟန့်တစ်ယောက် ပရိတ်သတ်ကို မပျင်းရိအောင် သူ့သရုပ်ဆောင်အားနဲ့ ထိန်းထားတာကို တွေ့ရမှာပါ။
၇။ The Terminal (၂၀၀၄)
The Terminal ဇာတ်ကားကို ဒါရိုက်တာ စတီဗင် စပီးလ်ဘာဂ်ျ ရိုက်ကူးထားပြီး တွမ်ဟန့်နဲ့ မင်းသမီး ကတ်သရင်း ဇီတာဂျုံးတို့က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ပြင်သစ်နိုင်ငံ Paris-Charles de Gaulle လေဆိပ်မှာ ၁၈ နှစ်ကြာ သောင်တင်ခဲ့တဲ့ အီရန် နိုင်ငံသား မီရန် ကာရီမီ နဆရီ (Mehran Karimi Nasseri) အကြောင်းကို အတုယူပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တွမ်ဟန့်ဟာ ဗစ်တာ နာဗော်စကီး အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဗစ်တာ နာဗော်စကီးဟာ ခရာကိုရှားလို့ခေါ်တဲ့ တကယ့်အပြင်မှာတကယ်မရှိတဲ့ နိုင်ငံသား တစ်ယောက်ဖြစ်ပြီး နယူးယောက်မြို့ရှိ John F. Kennedy လေဆိပ်ကိုအရောက် ခရာကိုရှား (Krakozhia) နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်တဲ့အတွက် နိုင်ငံမဲ့သွားခဲ့ပြီး အမေရိကန်ကိုလည်းဝင်ခွင့်မရတဲ့အပြင် သူ့နိုင်ငံကိုလည်း ပြန်ထွက်သွားခွင့်မရပါဘူး။ ဒါ့ကြောင့် US အကောက်ခွန်ရုံးက ဗစ်တာရဲ့ ပတ်စ်ပို့နဲ့ လေယာဉ်လက်မှတ်ကို သိမ်းထားလိုက်ပါတော့တယ်။ ဘာမှ ဆက်လုပ်လို့မရတော့တဲ့ ဗစ်တာတစ်ယောက် လေဆိပ်မှာပဲနေထိုင်ရင်း လေဆိပ်က အလုပ်သမားတွေနဲ့ မိတ်ဆွေဖြစ်သွားရုံသာမကဘဲ နောက်ပိုင်းလေယာဉ်မယ်လေးတစ်ယောက်ကို ဘယ်လို ရိုးရိုးအအနဲ့ ပိုးပန်းမလဲဆိုတာကို ရွှင်မြူးစွာ ကြည့်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။
၈။ Turner & Hooch (၁၉၈၉)
Turner & Hooch ဇာတ်ကားဟာ အမေရိကန် စုံထောက်ဟာသ ဇာတ်ကားဖြစ်ပြီး တွမ်ဟန့်နဲ့ ခွေးတစ်ကောင်ကို အခြေပြုပြီး ရိုက်ကူးထားပါတယ်။ တွမ်ဟန့်သရုပ်ဆောင်ထားတဲ့ စကော့ တန်နာဟာ စာကြိုးစားတဲ့ လူတစ်ယောက်ဖြစ်ပြီး စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ အာမိုစ်ရိဒ်နဲ့ တွေ့ခဲ့ပြီး နောက်တစ်ရက်မှာ သူ့သူငယ်ချင်းဖြစ်သူ အာမိုစ် ရိဒ်တစ်ယောက် ထူးဆန်းစွာ အသတ်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ ခွေးဖြစ်တဲ့ Hooch ကိုတာဝန်ယူစောင့်ရှောက်ဖို့ တာဝန်က စကော့ဆီကို ကျရောက်လာပါတော့တယ်။ ခွေးချစ်တတ်သူတစ်ယောက်မဟုတ်တဲ့ စကော့ဟာ Hooch ကို တိရစ္ဆာန် ဆေးခန်းတစ်ခန်းကို သွားပြီးပေးခဲ့ပေမဲ့ တိရစ္ဆာန်ဆေးခန်းက Hooch ကို မမွေးဘဲ စကော့ထံ ပြန်ပေးခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ခွေးတစ်ကောင်နဲ့ စကော့တို့ ဘယ်လို သံယောဇဉ် တွယ်ငြိလာကြမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပြီး ခွေးတွေက သခင်ကို ဘယ်လောက်အထိ ကာကွယ်ပေးလဲဆိုတာလဲ မြင်ရမှာပါ။ ၁၉၈၉ ခုနှစ်လောက်က ကားဆိုတော့ ဒီဇာတ်ကားထဲမှာ နုပျိုနေတဲ့ တွမ်ဟန့်ရဲ့သရုပ်ဆောင်ပုံတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
လူမို (ရိုးရာလေး)