Squid Game ထက်ပိုကြမ်းတဲ့ ရုပ်ရှင်ကားရိုက်ကူးဖို့ လုပ်နေတဲ့ ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်

6-4-2022-yyl-35.jpg

ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ Squid Game စီးရီးရဲ့ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ်က ပိုပြီးထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းမယ့် Killing Old People Club အမည်ရတဲ့ ရုပ်ရှင်ကားသစ်ကို ရိုက်ကူးဖို့ လုပ်နေတယ်လို့ သိရပါတယ်။

ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်က အီတလီဝတ္ထုရေးဆရာ Umberto Eco ရဲ့လက်ရာကို အခြေခံမယ့် ရုပ်ရှင်ကားအသစ်အတွက် စာမျက်နှာ ၂၅ မျက်နှာ ရေးသားပြီးသွားပြီလို့ အတည်ပြုခဲ့ကြောင်း Variety သတင်းဌာနအရ သိရပါတယ်။ ဒီရုပ်ရှင်ကားအသစ်က ပြီးခဲ့တဲ့နှစ်မှာ ပြသခဲ့တဲ့ Squid Game ထက်ပိုပြီး ကြမ်းပြီး အငြင်းပွားဖွယ်ရာဖြစ်စေမယ့် နောက်ထပ်ရုပ်ရှင်ကားဖြစ်မယ်လို့ ဒါရိုက်တာဟွမ်က ဆိုပါတယ်။

ရုပ်ရှင်ကားနာမည်ကို ကြည့်လိုက်တာနဲ့ သက်ကြီးပိုင်းဇာတ်ကောင်တချို့ အသတ်ခံရမယ်လို့ ယူဆလို့ရပါတယ်။ ဒါရိုက်တာဟွမ်ကလည်း ဒီရုပ်ရှင်ကားသစ်ထွက်လာပြီးတဲ့နောက် သက်ကြီးပိုင်းလူကြီးတွေဆီကနေ သူရှောင်ပုန်းနေရနိုင်တယ်လို့တောင် ဟာသလုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ ဒါရိုက်တာဟွမ်က Squid Game ဒုတိယတွဲရေးသားဖို့အတွက် တောင်ကိုရီးယားကို ပြန်လာနေပါတယ်။

ဒါရိုက်တာဟွမ်က Squid Game ဒုတိယတွဲအကြောင်း နှုတ်ဆိတ်နေပေမဲ့ “ဒီထက်ပိုကောင်းတဲ့ဂိမ်းတွေရှိလိမ့်မယ်။ ကျွန်တော်ပြောနိုင်တာကတော့ ဒါပါပဲ။ ဒုတိယတွဲအတွက် ကျွန်တော် စိတ်ကူးဉာဏ်ကွန်မြူးနေတုန်း။ စိတ်ကူးအကြံဉာဏ်တွေ စုဆောင်းနေတုန်း။ ဇာတ်ညွှန်းအတွက် စပြီးရေးတောင်မရေးရသေးဘူး”လို့ သူက ဆိုပါတယ်။ ဂန္တဝင်ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်ခ် (Steven Spielberg) က Squid Game ရဲ့ပရိသတ်တစ်ယောက်ဖြစ်တယ်လို့လည်း ဒါရိုက်တာဟွမ်က ပြောပါတယ်။

“စတီဗင် စပီးလ်ဘတ်ခ် က ကျွန်တော်ကို ပြောခဲ့တယ်။ မင်းရဲ့စီးရီးတစ်ခုလုံးကို ၃ ရက်တည်းနဲ့ ငါ ကြည့်ခဲ့တယ်။ အခုဆို မင်းရဲ့ဉီးနှောက်ကို ခိုးယူချင်နေပြီတဲ့။ သူက ကျွန်တော့်ရဲ့ရုပ်ရှင်ဟီးရိုးဖြစ်တဲ့အတွက် သူ့ရဲ့ရုပ်ရှင်တွေကြည့်ပြီး ကျွန်တော်ကြီးပြင်းလာခဲ့ရတဲ့အတွက် ဒါက ကျွန်တော့်ဘဝမှာ ကျွန်တော်ရခဲ့တဲ့ အကြီးမားဆုံးချီးမွမ်းစကားတစ်ခုလိုပါပဲ” လို့ ဒါရိုက်တာဟွမ်က ဆိုပါတယ်။

ဒါပေမဲ့ Squid Game ပရိသတ်တွေကတော့ ဒုတိယတွဲကြည့်ရဖို့ အကြာကြီးစောင့်ဆိုင်းရဉီးမှာပါ။ ၂၀၂၄ ခုနှစ်ကုန်လောက်မှ ကြည့်ရှုနိုင်ဖွယ်ရှိပါတယ်။

Ref: Ladbible “Squid Game Director Says He’s Working On A Movie That’s ‘More Violent’ Than The Netflix Series”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top