နတ်သမီးပုံပြင်တွေထဲကလို မင်္ဂလာပွဲကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံက အမျိုးသမီး

img18-1.jpg

“ဟိုရှေးရှေးတုန်းက” ဆိုတဲ့နတ်သမီးပုံပြင်တွေထဲကလို မင်္ဂလာပွဲလေးတစ်ခု ယနေ့ခေတ်ကမ္ဘာမှာ ကျင်းပခဲ့ပါသတဲ့။ မလေးရှားနိုင်ငံက အက်ဖ်ဇာ ဖာဇာနာ အာမတ် (Afza Farzana Ahmad) ဆိုတဲ့ အမျိုးသမီးက နတ်သမီးပုံပြင်တွေထဲက သူကြိုက်တဲ့မင်းသမီးတွေဖြစ်တဲ့ စင်ဒရဲလား၊ ရက်ပန်ဆယ်တို့အကြောင်း၊ တစ်နေ့မှာ စိတ်ကူးအိပ်မက်ထဲက မင်္ဂလာပွဲလေးရှိချင်ခဲ့တယ်ဆိုတဲ့အကြောင်း အမြဲတမ်းပြောရင်းနဲ့ ကြီးပြင်းလာခဲ့တာပါ။

ဒီလိုနဲ့ သူ့ရဲ့ရက်မြတ်အချိန်ခါရောက်လာတဲ့အခါမှာ သူ့ရဲ့ဖခင် အာမတ် အိတ်ချ် ရမ်လီ (Ahmad H.Ramli) နဲ့ သူ့မိခင်တို့ဟာ နတ်သမီးပုံပြင်တွေထဲကလို မင်းသမီးတွေပြုလုပ်တဲ့ မင်္ဂလာပွဲပုံစံမျိုးလေးကျင်းပပေးခဲ့ပါတယ်။

အာမတ်က သူတို့အိမ်ရှေ့မှာ ရဲတိုက်တစ်ခုကို အင်ဒိုနီးရှားလူမျိုးဗီသုကာပညာရှင်ဆောက်လုပ်ဖို့အတွက် ရင်းဂစ် ၃၀၀၀၀၀ သုံးခဲ့ရပါတယ်။ “သမီးကို မင်းသမီးတစ်ယောက်လို မင်္ဂလာပွဲလေးကျင်းပပေးချင်တာကြောင့် ကျွန်တော်တို့ ရဲတိုက်တစ်ခုနဲ့ မြင်းလှည်းတစ်ခု အသုံးပြုခဲ့ရပါတယ်” လို့ မင်္ဂလာပွဲမှာ အာမတ်က ပြောခဲ့ပါတယ်။

အခြားစုံတွဲတွေကလည်း စင်ဒရဲလားရဲတိုက်နဲ့ တူတဲ့အတွက် မင်္ဂလာဓာတ်ပုံတွေကို လာရောက်ရိုက်ကူးခဲ့ပါတယ်။ အက်ဖ်ဇာရဲ့စိတ်ကူးအိပ်မက်ထဲက မင်္ဂလာပွဲလေးက စက်တင်ဘာ (၁) ရက်နေ့က အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့မင်းသားလေးနဲ့ အဖြူရောင်မြင်းလှည်းကြီးစီးပြီး ရဲတိုက်ရှေ့ရောက်ချလာခဲ့ပါတယ်။ မြင်းလှည်းပေါ်မှာ ထိုင်နေတဲ့ အက်ဖ်ဇာနဲ့ မူဟာမတ် ရူဆီဒန် မက် ယူဆိုဖ်တို့က ဧည့်သည် (၂၀၀၀) ကျော်ကို လက်ပြနှုတ်ဆက်ခဲ့ကြပါတယ်။

အက်ဖ်ဇာက အဖြူရောင်ဖဲဂါဝန်လေးနဲ့ တောက်ပနေတဲ့သတို့သမီးလေးဖြစ်ခဲ့ပါတယ်။ “အခုလို မင်္ဂလာပွဲလေးဆင်နွှဲခွင့်ရတဲ့အတွက် အရမ်းဝမ်းမြောက်မိပါတယ်။ ကျွန်မ့ခင်ပွန်းနဲ့ ကျွန်မ ပုံပြင်ထဲကလိုပဲ သက်ဆုံးတိုင်ပျော်ရွင်စွာနေထိုင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ အက်ဖ်ဇာက ပြောပါတယ်။

အက်ဖ်ဇာက ကွန်တန်လ်မှာ ကျောင်းတက်ရင်းနဲ့ ရူဆီဒန်နဲ့ ဆုံတွေ့ခဲ့ကြတာပါ။ ၂၀၁၃ခုနှစ်မှာ အကောင်းဆုံးသူငယ်ချင်းတွေကနေ၂၀၁၅ခုနှစ်မှာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ရူဆီဒန်က အက်ဖ်ဇာကို လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။

Ref: AsiaOne “Malaysian woman has wedding fit for a princess”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top