စိတ်ကူးလေးတစ်ခုသာလိုပါတယ်

23471942_1593866127323300_222373219280740832_n.jpg

လူလောကမှာ အောင်မြင်ဖို့ အပတ်တကုပ်ကြိုးစားအားထုတ်နေကြသူတွေ၊ အောင်မြင်ခဲ့ကြသူတွေကိုကြည့်တဲ့အခါမှာ သင်ဘာကိုတွေ့မိပါသလဲ။

လူတစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူသလို သူတို့တွေရဲ့ အောင်မြင်မှုကိုရှုမြင်ပုံခြင်းလည်း မတူပါဘူး။ အောင်မြင်အောင် ကြိုးစားလာပုံခြင်းကလည်းမတူကြပါဘူး။

ယနေ့ကမ္ဘာမှာ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ KFC ကြက်ကြော်ကို စပြီးဖန်တီးခဲ့သူဟာလည်း အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပြီး အိုမင်းတဲ့အရွယ် ရောက်ကာမှ အောင်မြင်လာခဲ့သူပါ။ သူဒီလို အရွယ်ရောက်လာချိန်မှာ အောင်မြင်လာဖို့ ဘာက ဖန်တီးပေးခဲ့တာပါလဲ။

X- Factor, America’s Got Talent, Britain’s Got Talent အစရှိသဖြင့် ကမ္ဘာကျော်ပွဲကြီးတွေမှာ ဘယ်သူမှယှဉ်မရတဲ့ Simon Cowell။ သူဟာလည်း ရှုံးနိမ့်ခြင်းတွေ အများကြီးထဲက ရုန်းထခဲ့ရသူပါ။ သူအောင်မြင်လာဖို့ရော ဘာတွေပေးဆပ်ခဲ့ရပါသလဲ။ သူအောင်မြင်လာအောင် ဘာက ဖန်တီးပေးခဲ့ပါသလဲ။

ကမ္ဘာကျော် စာအုပ်စီးရီးတစ်ခုဖြစ်တဲ့ Harry Potter ကို ဖန်တီးခဲ့သူ JK Rowling ဟာလည်း ဘဝမှာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီး နောက်ဆုံးမှာမှ အရေးအသားပိုင်းမှာတော့ နတ်ဘုရားမပါပဲရယ်လို့ တင်စားခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာဟာ ဘာကြောင့်ပါလဲ။ သူ့ကို ဘာက တွန်းအားတွေ ပေးခဲ့တာလဲ။

ဒီလိုပါပဲ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ အော်ပရာဝင်းဖရေး၊ Robert Downey J၊ ဂျိုလီ စတဲ့ သူတွေဟာလည်း သာမန်လူဆို ဘဝကို အရှုံးပေးလိုက်နိုင်တဲ့ ဘဝပျက်လောက်တဲ့အထိ အခက်အခဲမျိုးတွေကြားက ရုန်းထခဲ့ကြရတာပါ။ ဘယ်အရာကများ သူတို့ရဲ့ဘဝကို ပြောင်းလဲလိုက်စေပါသလဲ။

အပေါ်ကလူတွေအားလုံးရဲ့ အောင်မြင်မှုကို ကြည့်တဲ့အခါမှာ လူတစ်ယောက်ချင်းစီပေါ် မူတည်ပြီး အမြင်ချင်း ပြောင်းလဲသွားနိုင်ပါတယ်။ တချို့ကတော့ ကံကောင်းတာကိုးလို့ ဆိုကြမယ်။ တချို့ကတော့ သူတို့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲသတ္တိကို သတိပြုမိမယ်။ တချို့ကတော့ သူတို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သွေးလေထက်လေ ဖြစ်နေတဲ့ အရည်အသွေးတွေကြောင့်လို့ ယူဆကြပါလိမ့်မယ်။

စာရေးသူအတွက်တော့ ကံကောင်းလို့ဆိုတဲ့ တစ်ချက်ကလွဲလို့ ကျန်တာအားလုံးကို လက်ခံပါတယ်။ ဘာကြောင့် ကံကောင်းလို့ဆိုတာကို လက်မခံရတာလဲ။ ဗုဒ္ဓဘာသာပီပီ ကံ၊ ကံ၏အကျိုးကို ယုံကြည်ပေမယ့် ကံကောင်းခြင်းတစ်ခုတည်းနဲ့တော့ ကမ္ဘာ့စင်မြင့်ပေါ် ရောက်လာမယ့်သူ ဘယ်သူမှမရှိပါဘူး။ ခုချိန်ထိ ထင်ပေါ်ကျော်ကြားတဲ့ လူအားလုံးကို ကြည့်လိုက်ပါ၊ နောက်ကြောင်းတွေ လိုက်ကြည့်ပါ။ ကံကောင်းထောက်မစွာ စင်မြင့်ပေါ် ရောက်လာတယ်လို့ တစ်ယောက်မှကို မရှိတာပါ။ သူတို့ရဲ့ အရည်အသွေး၊ ဇွဲသတ္တိနဲ့ မဆုတ်မနစ် စိတ်ဓာတ်တွေကြောင့် အောင်မြင်ကျော်ကြားလာကြတာချည်းပါပဲ။ စာရေးသူအနေနဲ့ဆိုရင်တော့ ကံကောင်းလို့ဆိုတဲ့နေရာမှာ Idea ကောင်းလို့ လို့ပြောင်းလိုက်ချင်ပါတယ်။ ဘာကြောင့်လဲ။

ဟာ ဒီလိုလူမျိုးတွေက နိုင်ငံခြားမှာမို့ အောင်မြင်တာ ဒီမှာဆို ဖြစ်ထွန်းပါဦးမယ်လို့ဆိုလာခဲ့ရင်။ မေးစရာ မေးခွန်း တစ်ခု ရှိပါတယ်။ စာဖတ်သူတို့ ဘောင်ထဲက ထွက်ပြီး တွေးဖူးကြပါသလား။ စာရေးသူတို့ ပတ်ဝန်းကျင်မှာ ဘောင်ထဲက ထွက်ပြီးတွေးတဲ့ အတွေးတွေက ရှားပါးလှပါတယ်။ တော်ရုံလူဟာ ဘောင်ထဲမှာသာ ပိတ်မိနေတတ်ပြီး ဘောင်အပြင်ကို ထွက်ဖို့ မဝံ့ရဲသလို ပိုဆိုးတာက ဘောင်အပြင်ကတွေးတဲ့သူကိုလည်း ပြစ်တင် ကဲ့ရဲ့တတ်ပါတယ်။

ဥပမာ ပြရမယ်ဆိုရင် စာဖတ်သူက ဝက်သားတုတ်ထိုးရောင်းတယ် ဆိုကြပါစို့။ ဝက်သားတုတ်ထိုးကို ဘယ်လိုရောင်းကြမလဲ။ စဉ်းစားကြည့်ပါ။ ဝက်သားတုတ်ထိုးကို ဝက်သားတုတ်ထိုးလို ရောင်းမှာပေါ့ဟ ဘယ်လိုရောင်းရဦးမှာလဲဆိုရင် သင်ဟာ ဘောင်ထဲမှာပဲ ရှိနေပါသေးတယ်။ ရိုးရိုးလေး စဉ်းစားကြည့်ရအောင်၊ ဝက်သားတုတ်ထိုးနဲ့ တို့စားရတဲ့ အချဉ်ရည်ခွက်ဟာ ဟိုလူနှစ် ဒီလူနှစ်နဲ့မို့ မသန့် ဘူးဆိုတဲ့စိတ်မျိုးနဲ့ စားချင်ရင်တောင် မစားကြတဲ့သူတွေရှိပါတယ်။ (ဒါဟာ တုတ်ထိုးရောင်းသူတွေကို အပြစ်ဆိုခြင်း မဟုတ်ပါ။ အချို့ အသန့်ကြိုက်သူတွေ၊ ရောဂါကူးမှာကြောက်သူတွေ၊ စာရေးသူအပါအဝင် လူတချို့မှာ ဖြစ်တတ်တဲ့ စိတ်သဘောကို ဥပမာ ပြတာပါ။)

ဒီလိုလူတွေအတွက် သင်ဘယ်လိုပြင်ဆင်ပေးမလဲ။ တော်ရုံဆိုင်တွေမှာ ဒီလိုမျိုးအတွက် ပြင်ဆင်ထားတာ မရှိပါဘူး။ အလွန်ဆုံး ဟင်းရည်ခွက်လေးပေးပြီး ဟင်းရည်ထည့်ပေးတာလောက်ပဲ ရှိပါတယ်။ (တချို့ဆို ဟင်းရည်တောင် အဲ့လိုမထည့်ပေးတာကြပါဘူး) ဒီအချက်ကို တချို့လူတွေက ကောင်းကောင်းတွေးမိပြီး အချဉ်ကို ဘူးလိုက် မချထားပေးဘဲ အချဉ်ခွက်လေးတွေ သီးသန့်နဲ့ တစ်ယောက်ချင်းစီအတွက် အချဉ်ခွက် တစ်ခွက်ချင်းစီ ချပေးပါတယ်။ ဒါဟာ သူဖောက်ထွက်စဉ်းစားခဲ့တာပါပဲ။ ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားတယ်လို့ ဆိုရင်လည်း ရမယ်ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အချဉ်နဲ့ ဟင်းရည်ကို အရသာ လိုနေတယ်လို့ ထင်သူတွေအတွက် ပြန်လည်ပြင်ဆင်ဖို့ ကြက်သွန်ဖြူနဲ့ ငရုတ်သီး ကြိတ်ထားတဲ့ အရောလေးနဲ့ သံပုရာသီးတွေပါ သီးသန့် ပြင်ဆင်ထားပါသေးတယ်။ ဒီတော့ သူ့ဆိုင်မှာ လာစားသူတွေဟာ ဒီဆိုင်လေးတော့ သန့်တယ်ဟဲ့ ဆိုတဲ့စိတ်နဲ့ တခြားဆိုင်တွေထက် ပိုပြီး အားပေးဖြစ်ပါတယ်။ အတွေးလေးတစ်ချက် ကွန့်လိုက်ရုံနဲ့ သူများထက် ပိုပြီး အကျိုးရလိုက်တဲ့ သဘောပါပဲ။

နောက်တစ်ဆိုင်ကျပြန်တော့ ဝက်သားတုတ်ထိုးကို ထမင်းနဲ့ တွဲရောင်းပါတယ်။ သင်စဉ်းစားဖူးပါသလား။ ဒီတုတ်ထိုးကို ထမင်းနဲ့သာ စားလိုက်ရရင်တော့ဆိုတဲ့ အတွေးမျိုး။ သူတို့ကတော့ အကောင်အထည်ဖော်လိုက်ပါတယ်။ ထမင်းပေါ် ဝက်သားတင်ပြီး အချဉ်ရည်ဆမ်းပေး ဟင်းရည်ဆမ်းပေးတာမျိုးဟာ စာရေးသူအထင် ရန်ကုန်တစ်မြို့လုံးမှာ ရှိလှ ၁၀ ဆိုင်ထက် မပိုပါဘူး။ သူတို့တွေဟာလည်း ဖောက်ထွက်စဉ်းစားခဲ့တာပါပဲ။ ဒီလိုဆိုင်မျိုးမှာ နေ့လည် ထမင်းစားချိန်ပဲ ဖြစ်စေ၊ ဝက်သားတုတ်ထိုး နှစ်သက်ကြသူတွေပဲဖြစ်စေ၊ တုတ်ထိုး အများကြီးမစားချင်ဘဲ ဗိုက်ကလဲ ဝချင်တဲ့သူတွေပဲဖြစ်စေ ဒီလိုလူတွေနဲ့ အမြဲတမ်း စည်ကားနေတော့တာပါပ။ သူတို့ အတွေးလေးတစ်ချက် ပြောင်းတွေးလိုက်တာဟာ သူတို့အတွက် အကျိုးအမြတ်တွေချည်းပါပဲ။

အောင်မြင်မှုဆိုတာ ရလာတဲ့အခွင့်အရေးကို အမိအရဖမ်းဆုပ်တတ်ဖို့လိုသလို ဒီအခွင့်အရေးရလာအောင်လည်း ကိုယ်က ဖန်တီးရတာပါ။ အိမ်မှာ ငုတ်တုတ်ထိုင်ပြီး အခွင့်အရေးကို စောင့်နေလို့ မရပါဘူး။ အခွင့်အလမ်းကို ဘယ်လို ဖန်တီးမလဲဆိုတာကလည်း သင့်ရဲ့ စိတ်ကူးတစ်ချက်သာ လိုပါတယ်။ Idea တစ်ခုကို ဘောင်ထဲကထွက်ပြီး စဉ်းစားလို့ ချက်ချင်းသာ အကောင်အထည်ဖော်ဖြစ်မယ်၊ ကြုံလာသမျှ အခက်အခဲကိုလည်း ဇွဲရှိရှိနဲ့ ရင်ဆိုင်မယ်ဆိုရင်တော့ အခွင့်အရေးတွေက သင့်လက်တစ်ကမ်းမှာပါပဲ။ ပန်းတိုင်ကို မပျောက်စေဘဲ မှန်ကန်တဲ့ လမ်းကြောင်းပေါ် တစိုက်မတ်မတ် လျှောက်ဖို့က သင့်အလုပ်ပါ။ သင့်ကြိုးစားမှုနောက်ကို အောင်မြင်မှုက ကပ်လိုက်လာပါလိမ့်မယ်။

ဘဝတိုတိုလေးမှာ လိုရာပန်းတိုင်ကို စိတ်အေးလက်အေး ရောက်ရှိနိုင်ကြပါစေ။

Angelic Demon ( ရိုးရာလေး)
www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top