ကာတီးရားလက်ရာ လဆင်း အာကာသယာဉ် ပုံစံတူ ရွှေရုပ်တု ဒေါ်လာ ၁ သိန်းခွဲဖြင့် လေလံတင်

news-072917a.jpg

၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တုန်းက Apollo 11 အာကာသယာဉ်မှ တဆင့် လကမ္ဘာပေါ်ကို ပထမဆုံးအကြိမ်အဖြစ် နေးလ် အမ်စထရောင်း (Neil Armstrong)နဲ့ ဘပ်ဇ် အဲဒရင် (Buzz Aldrin) အသုံးပြုခဲ့တဲ့ လဆင်း အာကာသယာဉ် Lunar Module “Eagle” ရဲ့ ပုံစံတူ ရွှေရုပ်တုကို ဒေါ်လာ တစ်သိန်းခွဲနဲ့ ဒီတစ်ပတ်အတွင်းမှာ လေလံဆွဲသွားမယ် လို့သိရပါတယ်။

ဒီလဆင်း အာကာသယာဉ် ပုံစံတူ ရုပ်တုလေးဟာ အမြင့် ၆.၂၅ လက်မရှိပြီး ၁၈ ကာရက် အရည်အသွေးရှိရွှေဖြင့် ပြင်သစ် ရတနာပညာရှင် ကာတီးရား (Cartier) ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလို ရုပ်တုမျိုး ကမ္ဘာမှာ ၃ ရုပ်သာရှိတယ်လို့ သိရပါတယ်။

ဒီရုပ်တုလေးတွေကို Apollo 11 အာကာသယာဉ်မှူးတွေဖြစ်တဲ့ နေးလ်အမ်စထရောင်း၊ ဘပ်ဇ် အယ်ဒရင်းနဲ့ မိုက်ကယ်ကောလင်းတို့ ၁၉၆၉ ခုနှစ်အောက်တိုဘာလက ပြင်သစ်နိုင်ငံကို အလည်ရောက်လာခဲ့ချိန်မှာ ပြင်သစ် သတင်းစာ လီဖီဂါရို (Le Figaro) က လက်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရုပ်တု ၃ ခုထဲမှာ ဘပ်ဇ် အယ်ဒရင်းကတော့ သူပိုင်ဆိုင်တဲ့ ရုပ်တုကို အရင်ဆုံးရောင်းချခဲ့ပြီး နေးလ်အမ်စထရောင်းကတော့ သူပိုင်ဆိုင်တဲ့ ရုပ်တုလေးကို အိုဟိုင်းယိုး ပြည်နယ် ဝါပါကိုနီတာမြို့ မှာရှိတဲ့ အမ်စထရောင်း အာကာသနဲ့လေကြောင်းဆိုင်ရာ ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ အမ်စထရောင်းပိုင်တဲ့ ရုပ်တုလေးဟာ ဒီနှစ် ဇူလိုင်လအတွင်းမှာပဲ ပြတိုက်ကနေ အခိုးခံခဲ့ရပါတယ်။ နောက်ဆုံး မိုက်ကယ်ကောလင်း  ပိုင်ဆိုင်တဲ့ ရုပ်တုလေးကတော့ ၂၀၀၃ ခုနှစ်တုန်းက ကာတီးယား ကုမ္ပဏီမှ  ဒေါ်လာ ၅ သောင်းခွဲနဲ့ ပြန်လည်ဝယ်ယူခဲ့ပြီးနောက်ပိုင်းမှာ ကာတီးယား ကုမ္ပဏီပိုင်ပစ္စည်း ဖြစ်နေပါပြီ။

ဒီရွှေရုပ်တုလေးတွေကို Apollo 11 အာကာသယာဉ်မှူး ၃ ဦးထံ လက်ဆောင်ပေးခဲ့သူကတော့ ပြင်သစ် သတင်းစာ လီဖီဂါရို (Le Figaro) ဖြစ်ပြီး ကုန်ကျစရိတ်ကိုတော့ သူ့ရဲ့ စာဖတ်သူတွေထံမှ အလှူခံကာ ကာတီးယားကို လုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ လှူဒါန်းသူများရဲ့ နာမည်များကိုတော့ ရုပ်တု တစ်ခုချင်းစီတိုင်းရဲ့ အတွင်းထဲမှာ မိုက်ခရို ဖလင်နဲ့ ရေးထားပါတယ်။

ဒီလို ပုံမှန်မဟုတ်တဲ့ လှူဒါန်းပွဲ အောင်မြင်ခဲ့တာက ပြင်သစ်နိုင်ငံရဲ့ လအပေါ် ဆင်းသက်ခြင်း အပေါ် စိတ်ဝင်စားခြင်းကို ပြသနေပြီး လူအများက ဒီ အာကာသာယာဉ်မှူး ၃ ယောက်ကို ဘယ်လောက်လေးစားကြသလဲဆိုတာ ပြနေပါတယ်။

ရုပ်တု တစ်ရုပ်ချင်းစီဟာ ၈၄၈ ဂရမ် ( ၁.၈ ပေါင်) ခန့်ရှိပြီး လဆင်းအာကာသယာဉ်ပုံစံအတိုင်း ကာတီးယားက ပြုလုပ်ထားတာ ဖြစ်ပြီး အဆင်းနဲ့အတက်မှာ အသုံးပြုရတဲ့ ပစ္စည်းတွေကိုလည်း ဖြုတ်နိုင်တပ်နိုင်တယ် လို့သိရပါတယ်။ ယခုလေလံတင်မယ့် ရုပ်တုမှာတော့ ဖြုတ်လို့ တပ်လို့ရနိုင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဒေါက်တိုင် နဲ့ အန်တာနာ တစ်ချို့တော့ ပျောက်ဆုံးနေပြီး အနည်းငယ် စွန်းထင်းနေပေမဲ့ လေလံတင်အဖွဲ့ကတော့ ကြာသာပတေးနေ့လေလံပွဲမှာ ဒေါ်လာ ၁ သိန်းခွဲလောက် ရနိုင်ဖို့ မျှော်မှန်းထားတယ် လို့သိရပါတယ်။

အခုရောင်းချမယ့် ရုပ်တုလေးက အယ်ဒရင်ပိုင်ရုပ်တု ဖြစ်ပြီး အယ်ဒရင် အရင်က ရောင်းချခဲ့တဲ့အတွက် အခုလေလံပွဲမှာ သူနဲ့မသက်ဆိုင်တော့ဘူးလို့ သိရပါတယ်။ ကာတီးယား ကုမ္ပဏီကတော့ ကုန်ကျစရိတ်ကို ဝယ်ယူသူက အကုန်အကျခံမယ်ဆိုရင် ပျောက်ဆုံးနေတဲ့ ပစ္စည်းတွေအားလုံးကို ပြန်ထည့်ပေးနိုင်တယ် လို့ဆိုပါတယ်။

ဒီရွှေရုပ်တုလေး သာမကဘဲ ဒီလေ့လံပွဲမှာ Apollo 11 အာကာယာဉ် ခရီးစဉ်မှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေဖြစ်တဲ့ Lunar Module ဆင်းသက်ခြင်း ကို စစ်ဆေးခဲ့တဲ့ စာရွက်၊ လပေါ်ကို သယ်သွားခဲ့တဲ့ အမေရိကန်အလံနဲ့ အယ်ဒရင် ၁၉၆၄ ခုနှစ်တုန်းက ရေးခဲ့တဲ့ စာတစ်စောင်တို့ကိုပါ လေလံတင်သွားမယ် လို့သိရပါတယ်။

Ref : CNN News : Cartier’s solid gold Lunar Module replica up for auction

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top