နင်ဂျာအကြောင်း အက်ဆေးရေးရာမှာ အဖြေလွှာအလွတ် ပေးခဲ့ပေမဲ့ အမှတ်ပြည့်ရခဲ့တဲ့ အကြောင်းရင်း

ninjar01.jpg

နင်ဂျာသမိုင်းကို လေ့လာသင်ယူနေတဲ့ ဂျပန်ကျောင်းသူတစ်ယောက်ဟာ အက်ဆေးအဖြေလွှာကို စာရွက်အလွတ် ပြန်ပေးခဲ့ပေမဲ့ အမှတ် ပြည့်ရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါမောက္ခက သူ့ရဲ့တီထွင်ကြံဆတဲ့ စိတ်ကူးစိတ်သန်းကို သဘောကျသွားလို့ပါပဲ။ အသက်(၁၉)နှစ် အရွယ်ရှိတဲ့ အီမီဟာဂါဟာ ဂျပန်နိုင်ငံရဲ့ မိအဲ(Mie)တက္ကသိုလ်မှာ နင်ဂျာသမိုင်းပညာ ပထမနှစ်ကျောင်းသူအဖြစ် ပညာသင်ကြားနေသူပါ။

ပါမောက္ခဖြစ်သူက နင်ဂျာသမိုင်းပညာ ဘာသာရပ်သင်ကြားနေသူတွေကို အီဂါယု(Igaryu)နင်ဂျာပြတိုက်ထံ အလည်အပတ် သွားတဲ့ အကြောင်း အက်ဆေးရေးခိုင်းခဲ့ပါတယ်။ ”တီထွင်ဖန်တီးမှုကောင်းကောင်းလုပ်နိုင်သူတွေကို အမှတ်ကောင်းကောင်းပေးမယ်လို့ အတန်းထဲ မှာ ပါမောက္ခက ပြောပါတယ်။ အဲဒီတော့ ကျွန်မရဲ့အက်ဆေးကို တခြားသူတွေထက် ပိုထူးခြားအောင် ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။ ခဏလောက် စဉ်းစားလိုက်တော့ အဘူရီဒါရှီ(aburidashi)လုပ်ဖို့ အကြံရသွားတယ်”လို့ အီမီဟာဂါက ပြောပါတယ်။

အဘူရီဒါရှီ(aburidashi)ဆိုတာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ နင်ဂျာစာရေးသားနည်း အတတ်ပညာတစ်ခု ဖြစ်ပါတယ်။ အီမီဟာဂါဟာ ကလေးဘဝမှာ အန်နီမေးရှင်း(Animation)ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ချိန်ကတည်းက နင်ဂျာတွေကို စိတ်ဝင်စားခဲ့သူပါ။ ဂျပန်နိုင်ငံမှာ ကံကျွေးချစနစ်(feudalism) ကျင့်သုံးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက သျှို့ဝှက်ထောက်လှမ်းရေးတပ်သားတွေဖြစ်တဲ့ နင်ဂျာတွေ ပေါ်ထွန်းခဲ့တာပါ။

အီမီဟာဂါဟာ တစ်ညလုံးရေစိမ်ထားတဲ့ ပဲပုပ်တွေကို ကြိတ်ပြီး ပိတ်ပါးနဲ့ ဇကာချပါတယ်။ ဇကာချထားတဲ့ ပဲပုပ်အနှစ်တွေကို ရေနဲ့ရောပြီး သမအောင် (၂)နာရီလောက် ဖျော်ပါတယ်။ ပြီးတော့မှ ဂျပန်စက္ကူအပါး(ဝါရှီ-Washi)ပေါ်မှာ ကလောင်တံနဲ့ စာရေးခဲ့တာပါ။ ရေးထားတဲ့ စာလုံးတွေက ခြောက်သွားတာနဲ့ စာရွက်ပေါ်မှာ မထင်ဘဲ ပျောက်သွားပါတယ်။ ပါမောက္ခက စာရွက်အလွတ်ကြီး လာပေးတယ်ထင်ပြီး အမှိုက်ပုံးထဲ ထည့်ပစ်မှာစိုးလို့ အီမီဟာဂါက ”စာရွက်ကို အပူပေးလိုက်ပါ”ဆိုတဲ့ စာခေါက်လေးတစ်ခုကို အက်ဆေးစာရွက်နဲ့အတူ ထည့်ပေးခဲ့ပါတယ်။

” ဝှက်စာနဲ့ရေးထားတဲ့ စာတွေ ကျွန်တော်မြင်ဖူးပါတယ်။ ဒါပေမဲ့ အဘူရီဒါရှီနဲ့ ရေးထားတဲ့စာကိုတော့ တစ်ခါမျှ မမြင်ဖူးပါဘူး။ အမှန် အတိုင်း ပြောရရင် စာလုံးတွေကို ထင်ထင်ရှားရှား တွေ့ရပါ့မလားလို့ သံသယမကင်းဖြစ်မိတယ်။ ဒါပေမဲ့ ကျွန်တော့်အိမ်က ဂတ်စ်မီးဖိုမှာ စာရွက်ကို အပူပေးလိုက်တော့ စာလုံးတွေကို ထင်ထင်ရှားရှား တွေ့ရလို့ ချီးကျူးမိတယ်။ ဒီအက်ဆေးကို အဆုံးအထိ ဖတ်မကြည့်ဘဲ ချက်ချင်း အမှတ်ပြည့်ပေးလိုက်တာပါ။ ဘာကြောင့် အဆုံးအထိဖတ်မကြည့်ရတာလဲဆိုတော့ မီဒီယာတွေ ရောက်လာပြီး ဓာတ်ပုံရိုက်ရင် အဆင်ပြေအောင် စာရွက်ထဲက စာလုံးအချို့ကို အပူမပေးဘဲ ဒီအတိုင်းချန်ထားလိုက်တာပါ”လို့ ပါမောက္ခ ယူဂျီဟာမာဒါက ပြောပါတယ်။ အက်ဆေးထဲမှာ ရေးထားတဲ့ အကြောင်းအရာက သိပ်မထူးခြားပေမဲ့ အက်ဆေး ဖန်တီးမှုပုံစံက တမူထူးခြားတဲ့အတွက် အမှတ်နည်းမှာ မစိုးရိမ်ခဲ့ဘူးလို့ အီမီဟာဂါက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top