မြင့်မြင့်မားမား ပျံသန်းဖို့ဆိုရင်

26-5-2022-yyl-13.jpg

ရှေးသရောအခါက ဘုရင်ကြီးတစ်ပါးဟာ သိမ်းငှက်သားပေါက် ၂ ကောင် လက်ဆောင်ရပါသတဲ့။ ဘုရင်ကြီးကလည်း ဒီလောက်အသွေးအမွေးလှတဲ့ သိမ်းငှက်မျိုး မမြင်ဖူးလို့ ဒီလက်ဆောင်ကို သိပ်သဘောကျနေပြီး ဝါရင့်အထိန်းတော်ကို ခေါ်စေပြီး သိမ်းငှက်ပေါက် ၂ ကောင်ကို စောင့်ရှောက်ခိုင်းထားတယ်။

သိမ်းငှက် ၂ ကောင် အရွယ်ရောက်လာချိန်မှာ သူတို့ရဲ့သွင်ပြင်လက္ခဏာကလည်း ပိုပြီးထည်ဝါပြည့်စုံလာတာပေါ့။ တစ်ရက်မှာတော့ ဘုရင်ကြီးက အထိန်းတော်ကိုခေါ်ပြီး သိမ်းငှက် ၂ ကောင် ပျံတာ ကြည့်ချင်တယ်၊ သူတို့တွေကို ပျံဖို့ အချက်ပြလိုက်လို့ စေခိုင်းပါသတဲ့။

အထိန်းတော်က အချက်ပြလိုက်တယ်ဆိုတာနဲ့ သိမ်းငှက် ၂ ကောင်လုံး ထပျံကြတာပေါ့။ တစ်ကောင်က အမြင့်ကြီးအထိ ဝဲပျံနေပေမဲ့ နောက်တစ်ကောင်ကတော့ ခဏလေးပဲပျံပြီး နားနေကျ သစ်ကိုင်းပေါ်မှာပဲ ပြန်နားနေပါတယ်။ သိမ်းငှက် ၂ ကောင်ရဲ့မတူညီတဲ့လုပ်ရပ်ကို မြင်လိုက်ရချိန်တော့ ဘုရင်ကြီးလည်း အံ့အားသင့်သွားတယ်။

”ဘာကြောင့် ဒီလို ဖြစ်ရသလဲ”လို့ အထိန်းတော်ကို မေးတဲ့အခါ ” ဒီသိမ်းငှက်ဟာ အရင်ကလည်း အဲဒီအတိုင်းပါပဲ။ ဒီသစ်ကိုင်းကနေ သူ မခွာဘူး”လို့ အထိန်းတော်က ပြန်လျှောက်တင်တယ်။ ဘုရင်ကြီးကတော့ သိမ်းငှက် ၂ ကောင်လုံးကို ချစ်တာဆိုတော့ ၂ ကောင်လုံး အမြင့်ကြီးပျံကြတာ မြင်ချင်နေရော။ ဒါနဲ့ အဲဒီသိမ်းငှက်ကို အမြင့်ကြီးပျံအောင် လုပ်ပေးနိုင်တဲ့သူကို ဆုတော်ငွေကောင်းကောင်းချီးမြှင့်မယ်လို့ နိုင်ငံတစ်ဝန်းကို ကြေညာမောင်းခတ်လိုက်ပါတယ်။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဗဟုသုတကြွယ်ဝသူတွေ၊ ပညာရှင်တွေက အဲဒီသိမ်းငှက်ကို အမြင့်ကြီးပျံအောင် အမျိုးမျိုးကြိုးစားကြပေမဲ့ မအောင်မြင်ခဲ့ကြပါဘူး။ အချိန်တွေ ကုန်လွန်လာပေမဲ့ ဒီသိမ်းငှက်ကတော့ အရင်ကအတိုင်း ခဏလေးပျံပြီးတာနဲ့ သစ်ကိုင်းပေါ် ပြန်နားနေမြဲပါပဲ။ ဒါနဲ့ပဲ ဘုရင်ကြီးလည်း လက်လျှော့လိုက်ရတာပေါ့။

ဒါပေမဲ့ တနေ့မှာတော့ သိမ်းငှက် ၂ ကောင်လုံး အမြင့်ကြီးပျံနေတာ တွေ့လိုက်တော့ ဘုရင်ကြီး အံ့အားသင့်သွားတယ်။ သူ့မျက်လုံးကိုတောင် မယုံနိုင်ဘူး ဖြစ်သွားတယ်။ ဒါနဲ့ အထိန်းတော်ကို ခေါ်မေးတဲ့အခါ ” အရှင်မင်းကြီး မြင်ရတဲ့မြင်ကွင်းက အစစ်ပါပဲ။ လူတစ်ယောက်က သူ့ကို ဒီလိုပျံအောင် လုပ်လိုက်တာပါ” လို့ လျှောက်တင်ပါတယ်။ ဘုရင်ကြီးကလည်း ” အဲဒီသူကို ခေါ်ပြီး ရှေ့တော်သွင်းစေ”လို့ မိန့်တာပေါ့။ နောက်နေ့မှာတော့ ဘုရင်ကြီးရှေ့မှောက်ကို သာမန်လယ်သမားတစ်ယောက် အခစားဝင်လာပါတယ်။ သူက သိမ်းငှက်ကို အမြင့်ကြီးပျံအောင် လုပ်ပေးခဲ့သူပါ။

ဘုရင်ကြီးက လယ်သမားကို ဆုလာဘ်အဖြစ် ရွှေဒင်္ဂါးပြားတွေ ပေးပြီးတော့ သိမ်းငှက်ကို အမြင့်ကြီးပျံအောင် ဘယ်လိုလုပ်လိုက်သလဲလို့ မေးမြန်းတယ်။ ” အကျော်အမော် ပညာရှင်တွေတောင် မလုပ်နိုင်တဲ့ကိစ္စကို လယ်သမားကြီး ဘယ်လိုများ ဆောင်ရွက်နိုင်ခဲ့တာလဲ” လို့ မေးတဲ့အခါ လယ်သမားကြီးက ” ကျွန်တော်မျိုးက သာမန်လယ်သမားပါ အရှင်မင်းကြီး။ ပညာရှင်တွေလောက် ဗဟုသုတလည်း မကြွယ်ဝပါဘူး။ သိမ်းငှက်က သစ်ကိုင်းပေါ်မှာ နားတဲ့အကျင့်ဖြစ်နေလို့ သူနားနေကျသစ်ကိုင်းကိုပဲ ခုတ်ဖြတ်ပစ်လိုက်တာပါ။ အဲဒီသစ်ကိုင်းမရှိတော့ သူလည်း ပျံရုံမှတပါး တခြားရွေးချယ်စရာမရှိ ဖြစ်သွားခဲ့တာပါ” လို့ လျှောက်တင်ပါတယ်။

သင်ခန်းစာ

လက်တွေ့ဘဝမှာလည်း ကျွန်တော်တို့တွေက သစ်ကိုင်းနဲ့တူတဲ့ နဂိုနေမြဲဇုန် (Comfort Zone) မှာ နေတာ အသားကျနေလို့ မြင့်မြင့်ပျံသန်းဖို့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ့်ရဲ့အလားအလာနဲ့ အစွမ်းအစကို လျှော့တွက်မိတတ်ကြပါတယ်။ အမြင့်ပျံ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ချင်ရင်တော့ သစ်ကိုင်းကို ခုတ်ပစ်လိုက်သလို နဂိုနေမြဲဇုန်ထဲက ရုန်းထွက်ဖို့ လိုပါလိမ့်မယ်။

Ref: You are made to Fly High

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top