တက္ကဆက်ပြည်နယ်မူလတန်းကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဆရာမ (၂) ဉီးနဲ့ ဆွေမျိုးတွေအတည်ပြုထားတဲ့ ကလေးတချို့စာရင်း

26-5-2022-yyl-14.jpg

အင်္ဂါနေ့က တက္ကဆက်ပြည်နယ်မူလတန်းကျောင်းပစ်ခတ်မှုမှာ ကလေး (၁၉) ဉီးနဲ့ ကလေးတွေကို ကာကွယ်ဖို့ကြိုးစားခဲ့တဲ့ ဆရာမ (၂) ဉီး သေဆုံးခဲ့တယ်ဆိုတာကို ဆွေမျိုးတော်စပ်သူတွေကလည်း သတင်းမီဒီယာတွေကို အတည်ပြုခဲ့ပါတယ်။ရက်ရက်စက်စက်ပစ်သတ်ခံရပြီး သေဆုံးခဲ့တဲ့ကလေးတွေထဲမှာ စတုတ္ထတန်းကျောင်းသူ/သားအများအပြားပါဝင်ခဲ့ပါတယ်။

သေနတ်သမားက စာသင်ခန်းတစ်ခုအတွင်း ပစ်ခတ်တဲ့အချိန်မှာ ကလေးတွေနဲ့ တရားဉပဒေစိုးမိုးရေးအရာရှိတွေအပါအဝင် အခြား လူတစ်ဒါဇင်ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ‌သေဆုံးခဲ့တဲ့ ဆရာမ (၂) ဉီးအပါအဝင် ကလေးတချို့ကို သူတို့ရဲ့ဆွေမျိုးတွေက လူသိရှင်ကြား အတည်ပြုပေးထားပါတယ်။ ဆရာမ (၂) ဉီးနဲ့ ကလေးတွေအကြောင်းကို ပုံတစ်ပုံချင်းစီအောက်မှာ နာမည်နဲ့တကွ ဖော်ပြပေးလိုက်ရပါတယ်။

ဆရာမ အီဗာ မီရယ်လက်စ်

သေဆုံးခဲ့တဲ့သူတွေထဲမှာ စတုတ္ထတန်းကို သင်ကြားခဲ့တဲ့ ဆရာမ အီဗာမီရယ်လက်စ် ပါဝင်ခဲ့ပါတယ်။ ဆရာမ အီဗာက ရော့ဘ်မူလတန်းကျောင်းမှာ စာသင်ကြားလာခဲ့တာ ၁၇ နှစ်ရှိပါပြီ။ သေနတ်နဲ့ပစ်ခတ်ချိန်မှာ သူက သူ့ရဲ့ကျောင်းသား/သူတွေကို ကာကွယ်ဖို့ ကြိုးစားနေခဲ့ပါတယ်လို့ သူ့ဆွေမျိုးတစ်ဉီးရဲ့ပြောစကားအရသိရပါတယ်။ သူ့ရဲ့ဝမ်းကွဲအစ်မ အမ်ဘာ ရဲဘာရာက အီဗာဟာ ဟီးရိုးတစ်ယောက်ပါပဲ၊ ဟင်းချက်လည်းတော်တယ်၊ သူ့ရဲ့ရယ်မောပျော်ရွှင်မှုက လူတွေကို ကူးစက်စေတယ်၊ ဘာကိုမဆို သူ့နှလုံးသားနဲ့ရင်းပြီးလုပ်တတ်တယ်လို့ ပြောပါတယ်။

ဆရာမ အာမာ ဂါစီယာ

ဆရာမ အီဗာရဲ့တွဲဖက်ဆရာမ အာမာ ဂါစီယာကလည်း ကျောင်းသူ/သားတွေကို ကာကွယ်ဖို့ကြိုးစားရင်း သေဆုံးခဲ့တယ်လို့ သူ့သား ခရစ်တီနာ ဂါစီယာက ပြောပါတယ်။ ရော့ဘ်မူလတန်းကျောင်းမှာ စာသင်ကြားလာခဲ့တာ ၂၃ နှစ်ရှိပါပြီ။ ၂၀၁၉ ခုနှစ်မှာ ကျောင်းခရိုင်ရဲ့တစ်နှစ်တာအထူးချွန်ဆုံးဆရာမအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ကလေး (၄) ယောက်ရှိပြီး ခင်ပွန်းနဲ့အတူ အသားကင်စားရတာနဲ့ သီချင်းနားထောင်ရတာ ကြိုက်ပါတယ်။

အူဇီရက်ချ် ဂါစီယာ

သေဆုံးခဲ့တဲ့ ကလေးတွေထဲမှာ အူဇီရက်ချ် ဂါစီယာလည်း ပါဝင်ခဲ့တယ်လို့ သူ့ရဲ့အန်တီ နစ်ကီ ခရော့စ်က အတည်ပြုပေးခဲ့ပါတယ်။ အူဇီရက်ချ်က လျင်မြန်ဖျက်လက်ပြီး ကျွမ်းကျင်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့အဘိုး မန်နီ ရန်ဖရိုက ပြောပါတယ်။ နွေရာသီအားလပ်ရက်အတွင်းသူနဲ့အတူ ဆန်အန်ဂျလိုမှာ ဘောလုံးကစားခဲ့တာ နောက်ဆုံးပါပဲ။ “ကျွန်တော် တွေ့ဖူးခဲ့သမျှကလေးတွေထဲမှာ ချစ်စရာအကောင်းဆုံးကလေးပါပဲ။ ကျွန်တော့်ရဲ့မြေးမို့လို့ ဒီလိုပြောတာမဟုတ်ဘူး”လို့ အဘိုးဖြစ်သူ မန်နီက ပြောပါတယ်။

ရှာဗီယာ လိုဗက်ဇ်

ရှာဗီယာ လိုဗက်ဇ်က အပစ်မခံရင်ခင် နာရီပိုင်းအလိုမှာ သူ့ရဲ့မိခင်နဲ့အတူ ဆုပေးပွဲအခမ်းအနားတစ်ခုမှာ ရှိနေခဲ့တာပါ။ “ဒီလိုအဖြစ်ဆိုးကြီးဖြစ်လာမှာကို မသိဘဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးပါပဲ။ သူက ရွှင်ပြတက်ကြွတဲ့ကလေးလေး၊ သူ့အစ်ကိုတွေ၊အမေတွေနဲ့အတူ ကရတာ ကြိုက်နှစ်သက်တဲ့ကလေးလေးပါ။ ဒါက ကျွန်မတို့အားလုံးအတွက် ထိခိုက်နစ်နာစေခဲ့တယ်”လို့ သူ့ရဲ့ဝမ်းကွဲတော်စပ်သူ လီဆာ ဂါဇာက ပြောပါတယ်။

အာမာရီ ဂျို ဂါဇာ

အာမာရီ ဂျို ဂါဇာရဲ့အဖေက သူ့သမီးလေး အပစ်ခံရတဲ့အထဲမှာ ပါဝင်ခဲ့တယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ အာမာရီက စတုတ္ထတန်းပြီးတော့မှာပါ။ သူ့ရဲ့အတန်းဖော်တွေကို ကူညီဖို့ ကြိုးပမ်းရင်း ၉၁၁ ကို ဖုန်းခေါ်ဆိုတဲ့အချိန် ပစ်သတ်ခံလိုက်ရတာလို့ သူ့ရဲ့အဘွား ဘာလင်ဒါ အိုင်ရင်း အာရီယိုလာရဲ့ပြောစကားအရ သိရပါတယ်။ သေနတ်သမားက ကျောင်းသား/သူတွေကို “မင်းတို့ သေတော့မှာ”လို့ ပြောတဲ့အချိန် အာမာရီက ရဲစခန်းကို ဖုန်းဆက်ဖို့ သူ့ရဲ့ဖုန်းကို ကောက်ကိုင်ခဲ့ပါတယ်။ သေနတ်သမားက အာမာရီလက်ထဲက ဖုန်းကို မယူဘဲ သူ့ကို ပစ်သတ်လိုက်ပါတယ်။ သူက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဘေးမှာ ထိုင်နေခဲ့တာပါ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်း သူ့ရဲ့သွေးတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။

ဂျို့စ် ဖလိုရက်စ် ဂျူနီယာ

အသတ်ခံရတဲ့ ကျောင်းသားတွေထဲမှာ ဂျို့စ် ဖလိုရက်စ် ဂျူနီယာပါဝင်ခဲ့တယ်လို့ သူ့ဉီးလေးဖြစ်သူက ပြောပါတယ်။ “ကျွန်တော့်ရဲ့ကလေးလေး ဂျို့စ်ကို လွမ်းနေတော့မယ်။ ဒီလိုဖြစ်သွားတာ မယုံနိုင်သေးဘူး။ သူ သေသွားပြီလို့ ကျွန်တော်တို့ ကြားလိုက်တဲ့အချိန်မှာ ကျွန်တော့်နှလုံးသား ကွဲကြေသွားခဲ့တယ်။ ဒါက ကျွန်တော့်ကို နာကျင်စေတယ်။ ဂျို့စ် မင်းကို အရမ်းချစ်တယ်။ မင်းကို ဒီမှာ ရှိနေစေချင်တယ်။ မင်းကို အရမ်းလွမ်းနေတော့မယ်။ ကောင်းကင်ဘုံမှာ အနားယူပါ.. ကျွန်တော့်ရဲ့လှပတဲ့နတ်သားလေး”

အာလီသီယာ ရာမီရက်ဇ်

စတုတ္ထတန်းကျောင်းသူလေး အာလီသီယာ ရာမီရက်ဇ်လည်း အသတ်ခံရတဲ့ကျောင်းသား/သူတွေထဲ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့မိသားစုနဲ့တွေ့ဆုံပြီးနောက် အမေရိကန်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘီတို အိုရောက်ခ်က အာလီသီယာရဲ့ ၁၀နှစ်ပြည့်မွေးနေ့တုန်းက ပူဖောင်းတွေတောင် သူတို့ရဲ့အိမ်မှာရှိသေးတယ်လို့ ပြောပါတယ်။ “သူတို့က အာလီသီယာလေးက လှပတဲ့၊ တော်တဲ့၊ ပျော်ရွှင်နေတဲ့ ကောင်မလေးဆိုတာကို ကမ္ဘာကြီးကို သိစေချင်တယ်။ ဒီလိုအဖြစ်မျိုး အခြားကလေးလေးတွေကိုလည်း မဖြစ်စေချင်ဘူး”လို့ ပြောပါတယ်။

အန်နာဘယ်လ် ကွာဒါလူပီ ရိုဒရီကူဇ်

အန်နာဘယ်လ် ကွာဒါလူပီ ရိုဒရီကူဇ် ဆိုတဲ့ တတိယတန်းကျောင်းသူလေးလည်း သေဆုံးခဲ့တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက အတည်ပြုပေးခဲ့ပါတယ်။

အက်လီယာဟာနာ ခရုဇ် တိုရက်စ်

အက်လီယာဟာနာ ခရုဇ် တိုရက်စ်လည်း မူလတန်းကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့တယ်လို့ သူ့ရဲ့အဘိုးဖြစ်သူက ပြောပါတယ်။

အက်လီယာနာ အယ်လီ ဂါစီယာ

အက်လီယာနာ အယ်လီဂါစီယာလည်း အသတ်ခံရတဲ့ကလေးတွေထဲ ပါဝင်ခဲ့တယ်လို့ သူ့ရဲ့အဘိုးက ပြောပါတယ်။ ကခုန်ရတာနဲ့ အားကစားလုပ်ရတာနှစ်သက်တဲ့ကောင်မလေးလို့ သိရပါတယ်။

ရိုဂျယ်လီယို တိုရက်စ်

သေဆုံးခဲ့တဲ့ ရိုဂျယ်လီယို တိုရက်စ်ရဲ့ မိခင်ဖြစ်သူက သူ့သားလေးကို အရမ်းတော်ပြီး ချစ်ဖို့ကောင်းတဲ့ကလေးလေးလို့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဂျက်ခ်လင် ကာဇာရက်စ်

ဂျက်ခ်လင် ကာဇာရက်စ်ဆိုတဲ့ က‌လေးမလေးလည်း သေနတ်အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ “ဒီလိုကြောက်စရာကောင်းတဲ့၊ သူရဲဘောကြောင်တဲ့နည်းနဲ့ ငယ်ရွယ်၊ အပြစ်ကင်းပြီး ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နေတဲ့ ကလေးတွေရဲ့အသက်ကို နှုတ်ယူခဲ့တယ်။ ဒါက ကျွန်တော်တို့နာကျင်စေခဲ့တယ်”လို့ ဂျက်ခ်လင်ရဲ့ အဖေက ပြောပါတယ်။

ဂျေလာချ် နီကိုးလ် ဆီလ်ဂူရီယို နဲ့ ဂျေဆီ ကာမယ်လို လုဗာနိုစ်

ဝမ်းကွဲတော်စပ်တဲ့ ဂျေလာချ် နီကိုးလ် ဆီလ်ဂူရီယို နဲ့ ဂျေဆီ ကာမယ်လို လုဗာနိုစ်တို့လည်း သေနတ်အပစ်ခံခဲ့ပြီး သေဆုံးခဲ့ပါတယ်။ “သူတို့က ဘာမှမဟုတ်ပေမဲ့ သူ့ရဲ့မျက်နှာမှာ အပြုံးတွေနဲ့ ချစ်စရာကောင်းတဲ့ နတ်သား၊ နတ်သမီးလေးတွေပါ။ ကျွန်တော်တို့ရဲ့နတ်သား၊နတ်သမီးလေးတွေ အခုလိုအဖြစ်ဆိုးမျိုးကြုံခဲ့ရတာကို မယုံနိုင်ခဲ့ဘူး”လို့ သူတို့ရဲ့ဝမ်းကွဲကပြောပါတယ်။

အလက်ဇန္ဒရီးယား လက်ဇီ အန်နီယာချ် ရူဘီအို

အလက်ဇန္ဒရီးယား လက်ဇီ အန်နီယာချ် ရူဘီအိုကလည်း အသတ်ခံရတဲ့ကလေးတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သူ့ရဲ့အမေ ကင်ဘလေ မာတာ ရူဘီအိုက ပြောပါတယ်။ ပစ်ခတ်မှုမဖြစ်ခင် မနက်မှာ ဂုဏ်ပြမှတ်တမ်းလွှာနဲ့ နိုင်ငံသားကောင်းဆုရရှိခဲ့တဲ့အတွက် အလက်ဇန္ဒရီးယားကို သူ့မိဘတွေက ဂုဏ်ပြုနေခဲ့တာပါ။

တက်စ် မာတာ

တက်စ်မာတာက မူလတန်းကျောင်းပစ်ခတ်ခံရမှုမှာ ပါဝင်ခဲ့တယ်လို့ သူ့ရဲ့အစ်မဖြစ်သူ ဖိတ်သ် မာတာက ပြောပါတယ်။ တက်စ်က TikTok အကဗီဒီယိုတွေ၊ အာရီယာနာ ဂရန်ဒီ၊ the Houston Astros ဘေ့စ်ဘောအသင်းတို့ကို နှစ်သက်တယ်လို့ ဖိတ်သ်က ပြောပါတယ်။ ဖိတ်သ်က “ညီမလေး…မင်းကို ငါ အရမ်းလွမ်းတယ်။ မင်းကို ကိုင်ထားပြီး မင်း ဘယ်လောက် ချစ်ဖို့ကောင်းလဲဆိုတာ ပြောပြချင်တယ်။ မင်းကို အပြင်ခေါ်သွားပြီး Softball ကစားနည်းကို သင်ပေးချင်တယ်။ မိသားစုလိုက် အလည်ပတ်ခရီးထွက်ချင်တယ်။ မင်းရဲ့ရယ်သံလေးတွေ ကြားချင်တယ်။ မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာကိုလည်း ပြောပြချင်တယ်”တဲ့။

မာကန်နာ လီ အယ်လ်ရော့တ်

အသတ်ခံလိုက်ရတဲ့ ကျောင်းသူတွေထဲမှာ မာကန်နာ လီ အယ်လ်ရော့တ်လည်း ပါဝင်ခဲ့တယ်လို့ သူ့ရဲ့ဉီးလေးဖြစ်သူ ကိုင်လ် မက်ကူလော့ချ်က အတည်ပြုခဲ့ပါတယ်။ “တူမလေးမှာ အရမ်းကြီးမားတဲ့နှလုံးသားရှိပြီး သူ့ရဲ့မိသားစုနဲ့သူငယ်ချင်းတွေကို အရမ်းချစ်တယ်။ သူ့ရဲ့အပြုံးက အခန်းတစ်ခုကို လင်းသွားစေတယ်။ ကျွန်မတို့ရဲ့နှလုံးသားထဲမှာ သူ အမြဲတမ်းနေမှာပါ”လို့ သူ့ရဲ့အန်တီ အယ်လီဆန် မက်ကူလော့ချ်က ပြောပါတယ်။

Ref: NBCNews “Here is what we know so far about the victims of the Texas school massacre”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top