ခြင်္သေ့တွေကျက်စားတဲ့ ဘေးမဲ့တောထဲ ၅ ရက်ကြာ လမ်းပျောက်ခဲ့တဲ့ ၈ နှစ်သားကို ကယ်တင်နိုင်ခဲ့

5.1.2025-yyl-၄.jpg

ခြင်္သေ့တွေ ကျက်စားတဲ့ ဘေးမဲ့တောထဲ ၅ ရက်ကြာ လမ်းပျောက်နေခဲ့တဲ့ ကလေးငယ်ကို ဒေသခံတွေနဲ့ အစောင့်အကြပ်တွေက ရှာဖွေ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

ဇင်ဘာဘွေနိုင်ငံ ကာရီဘာမြို့မှ အသက် ၈ နှစ်အရွယ် ကောင်လေး ပူဒူဟာ အိမ်ကနေ ထွက်လာပြီးနောက် လမ်းပျောက်ပြီး မာတူဆာဒိုနာဘေးမဲ့တောထဲ ရောက်သွားခဲ့တာပါ။ စတုရန်းကီလိုမီတာ ၁၄၇၀ ကျယ်ဝန်းတဲ့ မာတူဆာဒိုနာဘေးမဲ့တောဟာ ခြင်္သေ့၊ ဆင်၊ ရေမြင်းတွေ ကျက်စားတဲ့ နယ်မြေဖြစ်ပါတယ်။

ပူဒူဟာ တောထဲက သစ်သီးတွေ ခူးစားပြီး ကျောက်ဆောင်တွေပေါ် အိပ်စက်ကာ အသက်ရှင်ခဲ့တာပါ။ ဒေသခံတွေက ညလုံးပေါက် ဗုံတီးအသံပြုပြီး ပူဒူကို လိုက်ရှာခဲ့သလို ဘေးမဲ့တော အစောင့်အကြပ်တွေကလည်း ကားတွေနဲ့ လိုက်လံရှာဖွေခဲ့ပါတယ်။

၅ ရက်မြောက်နေ့မှာတော့ ပူဒူက ကားသံကြားလိုက်ရလို့ အသံလာရာဆီ ပြေးသွားခဲ့ပေမဲ့ ပွတ်ကာသီကာ လွဲချော်သွားခဲ့ပါတယ်။ ဒါပေမဲ့ အစောင့်အကြပ်တွေက အဲဒီနေရာကို နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးကြည့်ချိန်မှာတော့ ထင်ထင်ရှားရှား ဖြစ်နေတဲ့ ခြေရာတွေ တွေ့ရလို့ လိုက်လံရှာဖွေချိန်မှာ ပူဒူကို တွေ့ရှိခဲ့တာပါ။

ပူဒူကို တွေ့ရှိခဲ့တဲ့နေရာဟာ သူ့အိမ်ကနေ မိုင် ၃၀ နီးပါး ကွာဝေးတယ်လို့ ဇင်ဘာဘွေဥယျာဉ်နဲ့ သားရဲတိရစ္ဆာန်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က အတည်ပြုပါတယ်။

Ref: Young boy survives 5 days in ‘lion-infested’ game park in Zimbabwe: Officials
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top