သမီးဖြစ်သူရဲ့ချည်ထိုးအင်္ကျီတွေအတွက် မော်ဒယ်လုပ်ပေးနေတဲ့ ဖခင်တစ်ဦး

4-8-2022-yyl04.jpg

သမီးဖြစ်သူရဲ့စတိုင်ကျတဲ့ ချည်ထိုးအင်္ကျီတွေကို ပြုံးပျော်ရွှင်စွာနဲ့ ဝတ်ဆင်ပြီး မော်ဒယ်လုပ်ပေးနေတဲ့ ဖခင်တစ်ဦးက လူအများရဲ့နှလုံးသားကို သိမ်းပိုက်ထားပါတယ်။ အဲဒီဖခင်ဆိုသူကတော့ အာကင်ဆောပြည်နယ်က ဂျက်ဖ် ဘီယာဗာပါပဲ။ အင်စတာဂရမ်အပါအဝင် လူမှုကွန်ယက်တော်တော်များများမှာ ဂျက်ဖ်ကို သမီးဖြစ်သူ အက်မလီ ဘီယာဗာရဲ့ the LoveBeav တံဆိပ်ချည်ထိုးအင်္ကျီတွေကို ဝတ်ဆင်ပြီး ကခုန်တာ၊ ရယ်မောတာ၊ pose ပေးနေတာတွေကို မြင်တွေ့ရနိုင်ပါတယ်။

သမီးဖြစ်သူရဲ့ချည်ထိုးအင်္ကျီတွေအတွက် မော်ဒယ်လုပ်ပေးနေတဲ့ ဖခင်

အက်မလီဟာ ၂၀၁၅ ခုနှစ်ကတည်းက ချည်ထိုးနေခဲ့တာဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် နွေရာသီမှာ သူ့ရဲ့ချည်ထိုးလုပ်ငန်းက အမှန်တကယ် ရပ်တည်နိုင်တာကို သတိပြုမိခဲ့တာပါ။ အက်မလီက သူ့မိဘတွေကို သူ့ရဲ့ချည်ထိုးအင်္ကျီဒီဇိုင်းတွေအတွက် မော်ဒယ်လုပ်ခိုင်းလိုက်တဲ့အခါမှာ ချက်ခြင်းပဲ လူအများစိတ်ဝင်စားလာခဲ့တာကို တွေ့ခဲ့ရပါတယ်။

သမီးဖြစ်သူ အက်မလီနဲ့အတူ ဆင်တူဝတ်ဆင်ထားတဲ့ ဂျက်ဖ်

ဂျက်ဖ်က အဲဒါကို လုပ်ရတာကို ပျော်နေရင် ရွတ်နောက်နောက်လုပ်ရဖို့ဆို ဘယ်တော့မှ တုံ့ဆိုင်းတယ်လို့မရှိပါဘူး။ အက်မလီနဲ့ သူ့မိဘတွေအတွက် အရေးကြီးဆုံးအရာက သူတို့လုပ်နေတဲ့အရာတွေနဲ့ ရယ်မောပျော်ရွှင်စွာ အချိန်ကုန်ဆုံးနေဖို့ပါပဲ။ သူတို့တွေ ရွတ်နောက်နောက်တွေလုပ်နေတာနဲ့ ပတ်သက်ပြီး အခြားသူတွေ ဘယ်လိုထင်ထင် သိပ်ဂရုမစိုက်တတ်ပါဘူး။အက်မလီရဲ့ချည်ထိုးအင်္ကျီတွေထဲက တစ်ခုကို သူ့အမေ အေမီ ဘီယာဗာ ဝတ်ဆင်ပြီး ပါဝင်ထားတဲ့ ဗီဒီယိုတစ်ခုက လူစိတ်ဝင်စားမှုများတယ်ဆိုတာ သိရပြီးတဲ့နောက်မှာ သူ့အဖေ ဂျက်ဖ်ကိုလည်း သူ့အင်္ကျီဒီဇိုင်းတွေအတွက် မော်ဒယ်လုပ်ခိုင်းဖို့ တွေးဖြစ်ခဲ့တာပါ။

ဂျက်ဖ်တို့မိသားစု

သူ့ချည်ထိုးအင်္ကျီတွေဖန်တီးရောင်းချမှုမှာ သူ့မိဘတွေ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ကတည်းက အက်မလီရဲ့လုပ်ငန်းက လျင်မြန်တဲ့နှုန်းနဲ့ တိုးတက်လာခဲ့ပြီး ဖော်လိုဝါအရေအတွက်လည်း အများကြီးတိုးလာခဲ့ပါတယ်။ အက်မလီက သူ့အင်္ကျီဒီဇိုင်းတွေရောင်းအားတိုးလာတာကြောင့် ချည်ထိုးအင်္ကျီဖန်တီးမှုမှာ အချိန်ပြည့်အာရုံစိုက်ဖို့အတွက် အရင်အလုပ်ကနေ ထွက်ခဲ့ပါတယ်။ ဂျက်ဖ်နဲ့အေမီတို့က သူ့သမီးရဲ့လုပ်ငန်းမှာ အတူပူးပေါင်းပါဝင်ပေးခဲ့ပါတယ်။ လူမှုကွန်ယက်မှာ ဂျက်ဖ်တစ်ယောက်တည်းတင်မဟုတ်ဘဲ အေမီနဲ့အက်မလီတို့ကပါ လူအများရဲ့စိတ်ဝင်စားမှုကို ရရှိနေတာပါ။

သမီးဖြစ်သူရဲ့ချည်ထိုးအင်္ကျီဒီဇိုင်းနဲ့ လန်းနေတဲ့ ဂျက်ဖ်

Electric Forest Festival ပွဲကို အက်မလီတို့မိသားစု တက်ရောက်တဲ့အချိန် သူတို့ရဲ့ပရိသတ်တော်တော်များများနဲ့တောင် တွေ့ဆုံခဲ့ရပါတယ်။ သူတို့တွေက သူတို့မိသားစုနဲ့အတူ ဓာတ်ပုံရိုက်ခွင့်တောင်းခဲ့ကြပါတယ်။ ချည်ထိုး Crop Top အင်္ကျီတွေကစပြီး ဦးထုပ်တွေအထိ အက်မလီရဲ့ချည်ထိုးအင်္ကျီဒီဇိုင်းတွေကို သူ့ရဲ့ကုမ္ပဏီဝဘ်ဆိုဒ်မှာ တွေ့နိုင်ပါတယ်။ TikTok၊ အင်စတာဂရမ်၊ YouTube နဲ့ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ယက်တွေမှာ Lovebeav ဆိုတဲ့ အကောင့်နာမည်နဲ့ ဂျက်ဖ်တို့မိသားစုရဲ့ပျော်စရာအခိုက်အတန့်တွေကို ရှာတွေ့ပါလိမ့်မယ်။

Ref: ABCNews “Dad wins the internet by modeling daughter’s crochet crop tops”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top