အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲမှာ အာဏာရပါတီကိုယ်စားလှယ် (၂) ကြိမ်လုံးရှုံးနိမ့်

65001956_2451202004910705_1713727590742622208_n.jpg

တစ်ကျော့ပြန်ကျင်းပတဲ့ အစ္စတန်ဘူလ်မြို့ရွေးကောက်ပွဲမှာ အာဏာရပါတီ (AK ပါတီ) ကိုယ်စားလှယ် ထပ်မံရှုံးနိမ့်ခဲ့ပြီး သမ္မတအာဒိုဝမ်အတွက် ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။ အဓိက အတိုက်အခံပါတီ ကိုယ်စားလှယ် အိုင်မာမိုဂလူက မဲအရေအတွက် (၇၇၅၀၀၀) ကျော်ရရှိခဲ့ပြီး မဲရရှိမှု (၅၄) ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာပါ။ သူက ပထမအကြိမ်ကျင်းပခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာ မဲကွာခြားမှု (၁၃၀၀၀) နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ မဲရရှိမှုပိုများခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လကကျင်းပခဲ့တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲမှာတော့ မူမမှန်မှုတွေရှိတယ်လို့ AK ပါတီက စွပ်စွဲခဲ့ပြီး မဲရလဒ်ကိုဖျက်သိမ်းခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ AK ပါတီကိုယ်စားလှယ် ယီဒီရင်က ရှုံးနိမ့်မှုကိုလက်ခံခဲ့သလို တူရကီသမ္မတ အာဒိုဝမ်ကလည်း အတိုက်အခံပါတီကိုယ်စားလှယ် အိုင်မာမိုဂလူကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ မြို့တော်ဝန်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် အစ္စတန်ဘူလ်မြို့မှာ AK ပါတီရဲ့ (၂၅) နှစ်ကြာအုပ်ချုပ်မှုလည်း အဆုံးသတ်ခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့မှာအောင်ပွဲခံနိုင်ရင် တူရကီနိုင်ငံ (အထွေထွေရွေးကောက်ပွဲ) မှာလည်း အောင်ပွဲခံနိုင်တယ်လို့ အာဒိုဝမ်က ပြောခဲ့ဖူးပါတယ်။ လူဦးရေ (၁၅) သန်းနေထိုင်တဲ့အစ္စတန်ဘူလ်မြို့မှာ တူရကီနိုင်ငံလူဦးရေရဲ့ ၅ ပုံ၊ တစ်ပုံရှိပြီး စီးပွားရေးအချက်အချာနေရာတစ်ခုလည်းဖြစ်ပါတယ်။ အာဒိုဝမ်ရဲ့ နိုင်ငံရေးသမားဘဝအတွက်လည်း အစ္စတန်ဘူလ်မြို့က အခရာကျခဲ့ပြီး သူကိုယ်တိုင်လည်း အစ္စတန်ဘူလ်မြို့တော်ဝန်အဖြစ် (၁၉၉၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ) ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခုရလဒ်ကတော့ သူ့အတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top