ကြင်နာစိတ်ကြီးသူတွေ၊ ရောဂါဖြစ်မှာကိုကြောက်တတ်သူတွေက အနီရောင်အသားတွေကို ရှောင်ကြတာများတယ်နော်။ အနီရောင်အသားစားတာများရင် အူမကြီးကင်ဆာဖြစ်တတ်တယ်။ ရောဂါတွေတိုးစေတယ်ဆိုတာကိုး။ ဒီလိုပြောဆိုမှုတွေက လူတော်တော်များများကို အနီရောင်အသားတွေကို ရှောင်သွားစေပါတယ်။ ဒီအလေ့အထက တကယ်ကော ကျန်းမာရေးကိုအထောက်အကူပြုရဲ့လား။ ခန္ဓာကိုယ်ဆိုတာကလည်း ထိုက်သင့်တဲ့ အာဟာရပြည့်ဝပါမှ ကျန်းမာနေမှာပါ။
အနီရောင်အသားစားသုံးမှုနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်ရပ်
အနီရောင်အသား စားသုံးမှုများတာ၊ ပြုပြင်ထားတဲ့အသားတွေစားတာက ရောဂါတွေဖြစ်စေနိုင်တယ်လို့ တော်တေ်ာများများကသိထားပြီးသားပါ။ မကြာသေးခင်ကလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရတော့ ဒီအစားအစာတွေကို လျှော့စားတာကလည် အသက်တိုစေနိုင်ပါတယ်တဲ့နော်။ အရာရာက တန်ဆေးလွန်ဘေးဆိုသလိုပေါ့။
ကမ္ဘာတလွှားမှာ အနီရောင်အသားတွေဖြစ်ကြတဲ့ အမဲသား၊ ဆိတ်သား၊ သိုးသားနဲ့ ဝက်သားအပါအဝင် ကြက်သား၊ ဘဲသားတွေကို စားသုံးမှုနှုန်းက ပြီးခဲ့တဲ့နှစ်ပေါင်း (၅၀) အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရော တော်တေ်ာလေးများလာခဲ့ပါတယ်။ ဒီလိုမြင့်မားလာတဲ့ စားသုံးမှုကပဲ လေ့လာသူတွေကို အနီရောင်အသားစားသုံးမှုများတာက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာကို လေ့လာဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကလေ့လာခဲ့တဲ့ လေ့လာမှုအရကတော့ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေစားသုံးမှုများသူတွေက အသက်တိုနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဒီလိုရလဒ်က လေ့လာမှုတစ်စုံတရာမရှိဘဲ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေကိုလျှော့စားရင် အသက်ရှည်မယ် ရောဂါကင်းမယ်ဆိုတဲ့ ယူဆလက်ခံချက်ကိုဖြစ်စေခဲ့ပါတယ်။ အနီရောင်အသာနဲ့ပြုပြင်ထားတဲ့ အသားဆားနယ်၊ ဝက်ပေါင်ခြောက်တို့လိုမျိုး အသားတွေကို စားမယ်ဆိုရင် ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ခံစားရစေနိုင်တယ်ဆိုတော့ ကျန်းမာရေးထိခိုက်မှာ စိုးတာကြောင့် ဒီအသားတွေကိုလျှော့စားတာကလည်း ဖြစ်သင့်တဲ့အချက်တစ်ခုပဲကိုး။ ဒါပေမဲ့ ထိုက်သင့်သလောက်လေးတော့စားဖို့ပြောပါရစေနော်။
အနီရောင်အသားမစားဘူးဆိုတိုင်း ရောဂါကင်းပြီး အသက်ရှည်မယ်လို့ မဆိုနိုင်ပါဘူး
အနီရောင်အသားစားလို့ အသက်တိုတာကိုသာ လေ့လာထားတာကြောင့် မတူတဲ့လေ့လာမှုတစ်ရပ်အနေနဲ့ အနီရောင်အသားစားသုံးမှုနည်းတာကရော ဘာတွေများကောင်းလို့ ဘာတွေများဆိုးကျိုးဖြစ်စေနိုင်လဲဆိုတာကိုသိနိုင်ဖို့ သုတေသီတွေက လူဦးရေ (၉၆၀၀၀) ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ အနီရောင်အသားကို အလွန်အကျွံစားသုံးသူတွေတင်မဟုတ်ဘဲ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားတွေကို နည်းနည်းပဲစားသုံးသူတွေဟာလည်း အသက်တိုနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
လေ့လာမှုတွေ့ရှိချက်အရ တစ်နေ့ကို အနီရောင်အသား (၂) အောင်စ ဒါမှမဟုတ် (၂) အောင်စထက်နည်းတဲ့ပမာဏစားသုံးသူတွေရဲ့ (၉၀) ရာခိုင်နှုန်းလောက်ဟာလည်း အရွယ်မတိုင်ခင်သေဆုံးကြရတယ်လို့တွေ့ရှိခဲ့ရပါတယ်။ အနီရောင်အသားကို တစ်ပတ်မှာ (၂) ကြိမ်အောက် စားသုံးသူတွေဟာလည်း အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားတွေကို အစားများသူတွေနည်းတူ အဝလွန်တာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါတွေဖြစ်စေနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားစားသုံးမှုနည်းတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ခံစားရစေနိုင်ပါတယ်နော်။
အနီရောင်အသားကို အကြောင်းအရင်းတစ်ခုခုကြောင့် မစားချင်ဘူးဆိုရင်တောင်မှ ထိုက်သင့်သလောက်တော့စားပေးပါ။ ဒါမှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေလည်းပြည့် ကျန်းမာပျော်ရွှင်ပြီး အသက်လည်းရှည်စေမှာပါ။ အနီရောင်အသားစားလို့ ရောဂါဖြစ်စေနိုင်သလို စားတာနည်းရင်လည်းရောဂါဖြစ်စေနိုင်ပါသေးတယ်နော်။ ဒါကြောင့် မကြိုက်ဘူးဆိုရင်တောင် ဆေးဖြစ်ဝါးဖြစ်လေးတော့ နည်းနည်းစားလိုက်ပါ ပရိသတ်ကြီးရေ…။
Ref: Hello ဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win