လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ အမျိုးသားတွေဟာ ကျန်းမာတဲ့ ကလေးရဲ့ ဖခင် ဖြစ်နိုင်ချေပိုများ

44936698_344867252936688_8778054077960421376_n.jpg

ကလေးယူတော့မယ်ဆိုရင် ယောက်ျားသားတွေဟာ ကျန်းမာတဲ့ ဖေဖေဖြစ်နေဖို့ ဘာကြောင့် အရေးကြီးရသလဲဆိုတာ ကျွန်တော်တို့ သိဖို့လိုလာပြီဖြစ်တာမို့ ဒီအကြောင်းအရာလေးကို တင်ဆက်ပေးပါမယ်။ လေ့ကျင့်ခန်း လုပ်လေ့ရှိတဲ့ ကလေးအဖေတွေကနေ မွေးဖွားလာတဲ့ ရင်သွေးတွေဟာ မွေးဖွားချိန်မှာတင်မက အရွယ်ရောက် ကြီးပြင်းချိန်အထိပါ ကျန်းမာရေး ကောင်းမွန်မှုကို အကျိုးထူး ခံစားရစေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါပြီ။

ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးဆိုရင် ဒါဟာ ကိုယ့်အတွက်တင် မဟုတ်တော့ဘဲ ကိုယ့်မျိုးဆက်တွေအတွက်အပါ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလို့ရပြီဆိုတဲ့ သဘောပါပဲ။

အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်၊ ဝက်စ်နာဆေးသိပ္ပံစင်တာ (Wexner Medical Centre) က ဇီဝကမ္မနဲ့ ကျန်းမာရေးပညာရှင် သုတေသီတွေဟာ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်း လုပ်ခြင်းဟာ မိမိရင်သွေးကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲဆိုတာ သိရဖို့ ကြွက်အထီးတွေကို သိပ္ပံနည်းကျ စမ်းသပ်ခဲ့ကြပါတယ်။

အဲဒီစမ်းသပ်မှုအရ အဆီဓာတ်များတဲ့ အစားကို စားပြီး ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိတဲ့ ကြွက်အထီးတွေကတစ်ဆင့် မွေးဖွားလာတဲ့ ကြွက်သားပေါက်တွေဟာ မွေးဖွားပြီး ၅၂ပတ်အကြာမှာတင် အမျိုးအစား 2 ဆီးချိုရောဂါကို ခံစားရနိုင်ခြေ များတာကို တွေ့ရှိခဲ့ရတယ်။ အစာ စားပုံအနေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်သော်ငြား လေ့ကျင့်ခန်း လုပ်ပေးတဲ့ ကြွက်တွေမှာတော့ သူတို့ ရင်သွေးတွေအတွက် ရောဂါမဖြစ်အောင် ကာကွယ်ပေးမယ့် မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို တစ်ဆက်တည်းမှာပဲ တွေ့ရှိခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ကျန်းမာသန်စွမ်းမှုနဲ့ ပတ်သက်ရင် မျိုးရိုးဗီဇကို အမွေ လက်ဆင့်ကမ်းသွားတဲ့ သဘောပါပဲ။

ဒါကြောင့် အစာ စားသောက်ပုံမှာ အဆီဓာတ် ပါဝင်မှု များခဲ့ရင်တောင် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပြီး ကျွန်တော်တို့ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ မွေးဖွားလာမယ့် ရင်သွေးအတွက်ပါ ကျန်းမာတဲ့ ကလေးဖြစ်အောင် အမွေပေးလို့ရတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုပုံစံမှာ ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းအလေ့ကို ဖြည့်စွက်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ မမွေးဖွားလာသေးတဲ့ ရင်သွေးတွေအတွက်ပါ ကျန်းမာရေး အမွေအနှစ် ပေးပြီးသား ဖြစ်စေမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ကို ကိုယ့်မှာ ဘာလို့ မမွေးမြူနိုင်ရမှာလဲလို့သာ မေးစရာ ကျန်ပါတော့မယ်။

ဇီဝကမ္မဗေဒနဲ့ ဇီဝဗေဒ သုတေသီ ခရစ္စတင်းစတန်းဖို့ဒ် (Kristin Stanford) ကတော့ လေ့ကျင့်ခန်း လုပ်ရုံနဲ့ကို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ရောဂါဘယဖြစ်နိုင်ခြေက နည်းနိုင်သမျှနည်းသွားတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်နေကျ အဖေတစ်ယောက်က မွေးဖွားလာတဲ့ကလေးဟာ ကြီးပြင်း အရွယ်ရောက်ချိန်အထိ ဇီဝကမ္မ ကျန်းမာရေးဖြစ်စဉ်မှာ ကောင်းမွန် တိုးတက်နေစေပါတယ်လို့ သူက ပြောခဲ့ပါတယ်။ သူရဲ့ပြောကြားမှုတွေကို ထုတ်နုတ်တင်ဆက်ပေးပါရစေ။

“အဝလွန်နေတဲ့ ယောက်ျားသား တစ်ယောက်မှာတော့ တက်စ်တိုစီရုန်းလို့ ခေါ်တဲ့ အမျိုးသား လိင်ဟော်မုန်းရဲ့ ပမာဏမှာ အနှောင့်အယှက်ဖြစ်စေပြီး သုက်ပိုး အရည်အတွက်နဲ့ အရည်အသွေးပါ နည်းပါးလာတယ်။ အသက်ရှင်လျက် မွေးဖွားတဲ့ ကလေးဦးရေကိုပါ လျော့ကျစေတဲ့အထိပါပဲ။”

“ကလေးယူချင်ပြီဆိုတဲ့ ဖခင်တစ်ယောက်ကို သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းလေးသာ လုပ်သွားပါ၊ အနည်းဆုံး ကလေး သန္ဓေမတည်ခင် တစ်လလောက်စောပြီးသာ လုပ်လိုက်ပါ လို့ ဒီလို ကျွန်မတို့ တိုက်တွန်းပေးပါတယ်။ ဘာလို့လဲဆို ဒီလို လုပ်ရုံနဲ့တောင် သုက်ပိုးတွေကို ကောင်းကောင်း သန်စွမ်း ကျန်းမာသွားစေပြီး သင့်ရင်သွေးရဲ့ ဇီဝဖြစ်စဉ် နဲ့ ကျန်းမာကြံ့ခိုင်မှုကိုပါ ရေရှည်ကာလအထိ ထိထိရောက်ရောက် အကျိုးပြုတာကြောင့်ပါပဲ”

ဒီလိုဆိုရင် ဒီနေ့အတွက် ကိုယ့်ကျန်းမာရေးကိုယ် ထိန်းသိမ်း စောင့်ရှောက်မှုပြုနေတာဟာ အနာဂတ် ရင်သွေးတွေအတွက် ကျန်းမာ ရွှင်လန်းတဲ့ဘဝကိုပါ အလိုအလျောက် ပုံဖော်ပြီးသား ဖြစ်နေစေတာကြောင့် ကလေးယူဖြစ်မယ့် ဖေဖေတိုင်းအတွက် အရေးပါလာတဲ့ အချက်တစ်ခုက ကျန်းမာရေး လိုက်စားဖြစ်ပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကို မပျင်းကြဖို့ပါပဲ။

Ref: abcnews.go.com “Men who exercise could pass down healthier metabolism to kids: Study”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top