စမတ်ကျတဲ့ဘဝ၊ စမတ်ကျတဲ့ရည်မှန်းချက်

new-year-resolutions-PXXBHHQ-e1564543689699.jpg

ဘာလိုလိုနဲ့ ၂၀၁၆ ခုနှစ်တောင် ကုန်တော့မယ် ရိုးရာလေးမိတ်ဆွေတို့ရေ။ ကျွန်တော်တို့ဆီမှာ အရင်နှစ်ကုန်ပိုင်းလောက်ကတော့ ၂၀၁၆ ခုနှစ်အတွင်း ဘာတွေဖြစ်မြောက်အောင် လုပ်ရမယ်၊ ဘာဖြစ်လာရမယ်ဆိုတဲ့ ရည်ရွယ်ချက်၊ မျှော်မှန်းချက်တွေ ရှိခဲ့တတ်တာပဲ။ အခု အဲဒီထဲမှာ ဘယ်နှစ်ခု အကောင်အထည်ဖော်နိုင်ခဲ့သလဲလို့ ပြန်ဆန်းစစ်ကြည့်ဖြစ်လား၊ ဘယ်လိုတွေ့ရသလဲ။

အခုတစ်ခါ ၂၀၁၇ ခုနှစ်အတွက် ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ ချတဲ့အခါ အသုံးဝင်မယ့် စမတ် (SMART) ဆိုတဲ့ နည်းလမ်းလေးကို ဝေမျှလိုက်ပါတယ်။ (S – M – A –R – T) ဆိုပြီး တစ်လုံးချင်းစီအတွက် အဓိပ္ပာယ်ခွဲထားတာ ရှိလို့ SMART လို့ ခေါ်တာပါ။

S  = Specific တိကျရမယ်လို့ ဆိုလိုတာပါ

ကိုယ့်ရည်မှန်းချက်ဟာ ဘယ်လိုဖြစ်ရမှာလဲ။ ဘယ်လောက်အတိုင်းအတာထိ ရောက်ရင် ကျေနပ်ပြီလဲ။ “ဒီထက် ကောင်းရင် တော်ပါပြီကွာ“ လို့ မသေမချာ ပြောတတ်တဲ့ လူမျိုးတွေဟာ လက်တွေ့မှာ ဒီထက်တောင် မကောင်းနိုင်တဲ့ အနေအထားနဲ့ စခန်းသိမ်းသွားကြတာ အများကြီးပါ။ သင့်ရည်မှန်းချက် အတိအကျက ဘာလဲ။ ဘယ်လောက်ထိ အောင်မြင်ချင်သလဲ။

M = Measurable တိုင်းတာနိုင်ရမယ်

ကောင်းပြီ။ ရည်မှန်းချက်တော့ ရှိပြီ။ အဲဒီ ရည်မှန်းချက်ရောက်အောင် ကြိုးစားနေပြီ။ ဒီတိုင်းဆို ရောက်သွားမှာပေါ့ .. အဲလိုလား ။ တကယ်တမ်းမှာ အဲဒီလောက် မလွယ်ကူပါဘူး။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ပန်းတိုင် သေးသေးလေးတွေ ရှိထားရင် ပို အဆင်ပြေပါတယ်။ ကိုယ် ကြိုးစားလာတာ ဒီနေရာအထိတော့ ရောက်ပြီ၊ ဒီလောက်အထိ ဆက်သွားဖို့ လိုနေသေးတယ်ဆိုတာမျိုး တိုင်းတာမှသာ ကိုယ့်ရဲ့ “အရွေ့” ကို သိသိသာသာ မြင်ရမှာပါ။ “အရွေ့” မရှိဘူးဆိုရင် ကိုယ် ဘာမှားနေလဲဆိုတာ ပြန်သုံးသပ်နိုင်မှာပါ။

A= Achievable (တချို့က “Attainable” လို့ ဆိုပါတယ်)

အောင်မြင်နိုင်တဲ့ ရည်မှန်းချက်ဖြစ်ရမယ်။ မဖြစ်နိုင်သလောက်ရှိတဲ့ ရည်မှန်းချက်တွေထားတာဟာ ကိုယ့်ကိုယ်ကို နှိပ်စက်တာတစ်မျိုးပါပဲ။ ဒီနေရာမှာ “မဖြစ်နိုင်ဘူး” ဆိုတာဟာ အကောင်အထည်ဖော်ဖို့ နည်းလမ်းအတိအကျ မရှိတာပါ။ ခက်ခဲတဲ့ အရာတွေကို ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ လူတွေဟာ သူတို့မှာ ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံကိန်း ရှိနေလို့ပါပဲ။ အဲဒီလို စီမံကိန်းမရှိတဲ့ ရည်မှန်းချက်ဟာ အောင်မြင်ဖို့ မဖြစ်နိုင်သလောက်ရှိတဲ့ ရည်မှန်းချက်ပါပဲ။

R = Relevant (တချို့က “Realistic” လို့ ဆိုပါတယ်)

လက်တွေ့ကျရမယ်။ အခြေအနေ အချိန်အခါနဲ့ သင့်တော်ရမယ် ပေါ့။ ဥပမာ – သင်က ဝိတ်ချဖို့အတွက် အစားတစ်နပ် လျှော့စားဖို့ စီစဉ်နေတယ်။ ဒါပေမယ့် သင့်မှာ အဆာခံလို့ မရတဲ့ ရောဂါတစ်ခုခု ရှိနေတယ်ဆိုရင် ဒီနည်းနဲ့ ဝိတ်လျှော့ဖို့ဆိုတာ လက်တွေ့ကျတဲ့၊ အခြေအနေ အချိန်အခါနဲ့ လျော်ညီတဲ့ ရည်မှန်းချက် မဟုတ်ပါဘူး။ တခြားတစ်နည်းကိုသာ ပြောင်းလဲ ကျင့်သုံးရမှာပါ။

T= Time-based အချိန်နဲ့ ကန့်သတ်ထားရပါမယ်

တချို့က ကျွန်တော်တို့ ဘာဖြစ်ချင်တယ်လို့သာ ပြောကြတယ်။ ဘယ်အချိန်မှာ အဲဒီလို ဖြစ်ချင်တာလဲ လို့ မေးလိုက်ရင် “တစ်နေ့နေ့ပေါ့” လို့ မရေမရာ ဖြေကြတယ်။ ဒီလိုဆို သူတို့ ရည်မှန်းချက်တွေ အောင်မြင်မယ်ထင်ပါသလား။ အချိန်အတိအကျနဲ့ မျှော်မှန်းချက်ထားနိုင်တဲ့ သူတွေသာ အဲဒီအချိန်အတိုင်း ပြီးမြောက်အောင် အလုပ်လုပ်မယ်ဆိုတဲ့ ဇွဲရှိကြတာပါ။ ရေလိုက်ငါးလိုက်သမားတွေကတော့ ရေလိုက်ငါးလိုက်ဘဝမှာသာ အချိန်ကုန်သွားကြပါတယ်။

ရိုးရာလေး စာဖတ်သူတွေအားလုံး ၂၀၁၇ ခုနှစ်အတွက် မျှော်မှန်းထားသမျှ အောင်မြင်ပြီးမြောက်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top