ခဏခဏ ဗိုက်ဆာနေတာ ဘာကြောင့်များလဲ

image_largee.jpg

“ စားပြီးရင်လည်း ထပ်စားချင်သေးတယ် “ ဆိုတာက ကျွန်တော်တို့ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ တီဗီကြော်ငြာတစ်ခုထဲက သီချင်းစာသားပါ။ ဒါပေမယ့် ကျွန်တော်တို့ မိတ်ဆွေတွေထဲမှာ ဘယ်လောက်စားစား မကြာခင် ဗိုက်ပြန်ဆာတတ်တဲ့ လူတွေ ရှိပါတယ်။

ခဏခဏ ဗိုက်ဆာတတ်တဲ့ လူတွေထဲမှာ ဒီ စာဖတ်နေတဲ့ မိတ်ဆွေတောင် ပါကောင်းပါနိုင်ပါတယ်။ ဘာကြောင့် ခဏခဏ ဗိုက်ဆာရသလဲဆိုတော့ ဒီအကြောင်းအရင်းတွေကြောင့်ပါ တဲ့။

၁) သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ် (refined carbohydrates)  အစားအစာတွေ စားလို့
ပေါင်မုန့်ဖြူတွေ၊ ကွတ်ကီးတွေ စတာတွေဟာ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်အစားအစာတွေထဲ ပါပါတယ်။ အဲဒါတွေဟာ အစာကြေမြန်သလို သွေးထဲက သကြားဓာတ်ကိုလည်း လျော့ကျစေပါတယ်။ အဲဒီရဲ့ အကျိုးဆက်အနေနဲ့ကတော့ ဗိုက်အမြန် ပြန်ဆာလာနေပြီး နီးစပ်ရာ အစားအသောက်တွေဆီ လက်လှမ်းနေမိတော့တာပဲ ဖြစ်ပါသတဲ့။

၂) ပရိုတင်း ၊ အဆီဓာတ်နဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ မစားတာ
ပရိုတင်း ၊ အဆီဓာတ်နဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဟာ ဗိုက်ပြည့်စေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ သံလွင်ဆီ၊ ထောပတ်သီး ၊ အစေ့အမျိုးမျိုး ၊ အမဲသား၊ ဆိတ်သား၊ ငါး စတာတွေကို မျှမျှတတ စားပေးရင် ဗိုက်ပြည့်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါသတဲ့။

၃) စားသောက်ချိန်မှာ အပြည့်အဝမစားတာ
မနက်စာ၊ နေ့လည်စာ ၊ ညစာ အချိန်တွေမှာ ကောင်းကောင်းဝအောင် မစားဘဲ မုန့်ပဲသွားရည်စာတွေကို ပို ခုံမင်ကြသူတွေ ရှိတာ အသေအချာပါပဲ။ ဟင်းမကောင်းတဲ့ အချိန်များဆို ပိုတောင် သိသာပါသေးတယ်။ ဒါကြောင့် ဒါက အထူးပြောစရာ မရှိပါဘူး။

၄) တကယ်က ရေငတ်နေတာပါ
”ကျွန်တော်တို့အများစုက ရေငတ်တာနဲ့ ဗိုက်ဆာတာကို တကယ်တမ်း မခွဲခြားတတ်ကြဘူး “ လို့ အစားအသောက်နဲ့ ကျန်းမာရေး သုတေသီ Jonny Bowden က ဆိုပါတယ်။ ရေအဝသောက်ပြီးရင် ဟမ်ဘာဂါ အကြီးကြီး စားလိုက်ရတာလည်း အရသာ ကောင်းကောင်းမရှိသလို ခံစားရတာ ကြုံဖူးကြမှာပါ။ မစားခင် “တကယ်ဆာတာလား၊ ရေငတ်နေတာလား “ စမ်းကြည့်တာက အကုန်အကျလည်း သက်သာစေမှာပါ။ “ “ရေသောက် ဗိုက်မှောက် “ ဖို့ အကြံပေးနေတာတော့ မဟုတ်ဘူးနော်။

၅) ဇီဝဖြစ်စဉ် (metabolism) မြန်နေလို့
ဘယ်လောက်စားစား ဝ မလာတဲ့ လူတွေကို မြင်ဖူးမှာပါ။ မနာလို ဖြစ်ချင်စရာပဲ မဟုတ်လား။ တကယ်တမ်းက အဲဒီလို လူမျိုးတွေဟာ ဇီဝဖြစ်စဉ် (metabolism) မြန်တယ်လို့ ဆိုရမှာပါ။ အဲဒီလို မြန်နေရင်လည်း ခဏခဏ ဗိုက်ဆာနေတတ်ပါသတဲ့။

၆) အိပ်ချိန် ကောင်းကောင်း မရလိုက်တာ
အိပ်ချိန်ကောင်းကောင်းမရတာ၊ အိပ်ရေးမဝတာတွေဟာ “cortisol “ လို့ ခေါ်တဲ့  (စိတ်ဖိအား) ဟော်မုန်းတစ်မျိုးကို  မြင့်တက်စေပါတယ်။ အဲဒီဟော်မုန်းက အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတတ်ပါသတဲ့။

၇) ကျန်းမာရေး လေ့ကျင့်ခန်းတွေ လိုက်စားတာ
ကျန်းမာရေး လေ့ကျင့်ခန်းတွေကို ဖိဖိစီးစီး လုပ်ရင် ဗိုက်ပိုဆာနေတတ်ပါတယ်။ အဲဒီအခါမှာ ဝိတ်ကျဖို့အတွက် မစားမသောက်ဘဲ တင်းခံထားတာဟာ အစွန်းရောက်နေတာ ဖြစ်သလို “ ပို လုပ်နိုင်အောင် ပို စားပစ်မယ် “ လို့ တွေးတာကလည်း အစွန်းတစ်ဖက် ဖြစ်ပါသတဲ့။ အထိုက်အလျောက် အစားပိုစားပေမယ့် လေ့ကျင့်ခန်းစနစ်တကျ လုပ်မယ်ဆိုရင်တော့ လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ရမှာ သေချာပါတယ်။

၈) ဆေးတွေကြောင့်
တချို့ ဆေးဝါးတွေဟာ အစားအသောက်စားချင်စိတ်ကို တိုးပွားစေပါတယ်။ ဆရာဝန်က သင့်ကို ညွှန်းတဲ့ ဆေးတွေထဲမှာ ဗိုက်ဆာစေတယ် လို့ သံသယဖြစ်ရတဲ့ ဆေးမျိုး ပါနေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ တစ်ခုရှိတာက ဗိုက်ဆာတယ်ဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအသောက်တွေ ဖိစားတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ပန်းသီးလေး ဘာလေး စားကြည့်တာဟာ မှန်ကန်တဲ့ ရွေးချယ်မှုမျိုး ဖြစ်မှာပါ။

၉) ဓမ္မတာ
အမျိုးသမီးတွေမှာ ဓမ္မတာ မလာခင် ရက်ပိုင်းတဝိုက်မှာ အစားစားချင်စိတ်သာမန်ထက် မြင့်တက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရက်ပိုင်းလောက်သာ ဖြစ်တာမို့ တစ်ပတ်လောက် ကြာတဲ့အထိ ပုံမှန်ဗိုက်ဆာနေရင်တော့ ဒီအကြောင်းအရင်းနဲ့ မဆိုင်ပါဘူး တဲ့။

ကဲ …. အခုဆိုရင် ဗိုက်ခဏခဏ ဆာတတ်တဲ့ အပေါင်းအသင်းရောင်းရင်းတွေကို “ဘာလို့ ဗိုက်ဆာဆာနေရသလဲ” ဆိုတဲ့အကြောင်း  မျှဝေပြောပြလို့ ရပြီပေါ့။

Ref: Self.com ” 9 Reasons You Feel Hungry All The Damn Time ”

အောင်ထူး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top