ဧဝရတ်တောင် အခြေစိုက်စခန်းကို ချိုင်းထောက်နဲ့ တက်မယ့်သူ

29-4-2022-yyl-02.jpg

လွန်ခဲ့တဲ့ ၈ နှစ်က ကိုယ်တစ်ပိုင်းသေခဲ့တဲ့ အမျိုးသားဟာ ဧဝရတ်တောင် အခြေစိုက်စခန်းကို ချိုင်းထောက်နဲ့ တက်ရောက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဝေးလ်နိုင်ငံသား ဂျေမီမက်အန့်ရှ်ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်က အကောင်းပကတိအတိုင်း အိပ်ရာဝင်ခဲ့ပေမဲ့ နောက်တစ်နေ့ နံနက်အိပ်ယာနိုးချိန်မှာတော့ ခါးအောက်ပိုင်း အကြောသေသွားခဲ့တာပါ။

အိပ်ပျော်နေတုန်း ကျောရိုးမ ပေါက်ပြဲမှုကြောင့် ကိုယ်တစ်ပိုင်း သေခဲ့ရတာပါ။ နောက် ၁၃ လအကြာမှာတော့ သူ့မှာ ရှုပ်ထွေးပြီး အပိုင်းလိုက် နာကျင်မှုရောဂါ (CRPS) ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီရောဂါကို ကုသနိုင်မယ့် နည်းလမ်းမရှိသေးပါဘူး။ ဒါပေမဲ့ အများအားဖြင့်တော့ တဖြည်းဖြည်းချင်း ပြန်လည်သက်သာသွားလေ့ရှိပါတယ်။

ဂျေမီမက်အန့်ရှ်ဟာ ၇ နှစ်သားအရွယ်ကတည်းက ဧဝရတ်တောင်ကို တက်ရောက်နိုင်ဖို့ ရည်မှန်းထားခဲ့သူပါ။ ” ၂၀၁၄ ခုနှစ်မှာ ကိုယ်တစ်ပိုင်းသေသူအဖြစ် အိပ်ရာက နိုးလာချိန်မှာ ကျွန်တော့်အိပ်မက် ဝေဝါးသွားခဲ့တဲ့အကြောင်း ခဏခဏ ပြောခဲ့ဖူးပါတယ်။ ငါ ဘာလို့ အဲဒီအိပ်မက်ကို စောစောစီးစီး အကောင်အထည် မဖော်ခဲ့တာပါလိမ့်၊ ငါ ဘာလို့ ဆက်မလုပ်နိုင်ရမှာလဲဆိုပြီး ကျွန်တော် တွေးမိတယ်။

ပြန်လည်သန်စွမ်းရေးပညာရှင်နဲ့ သွားပြတော့ ကျွန်တော့်မှာ ရည်မှန်းချက်တစ်ခုခု ရှိဖို့လိုတယ်၊ တစ်ခုခုကို ရည်မှန်းပြီး ကြိုးစားဖို့ လိုတယ်လို့ သူက ပြောတယ်။ ကျွန်တော့်မှာ ရည်မှန်းချက်ရှိတာပေါ့။ ကျွန်တော်က ဧဝရတ်တောင်ကို တက်ချင်တာလို့ ပြောလိုက်တော့ ” ဂျေမီ၊ ငါ ပြောချင်တာက မင်း မတ်တတ်ရပ်နိုင်အောင် အရင်ကြိုးစားဖို့ ပြောတာပါ” လို့ သူက ပြန်ပြောတယ်” လို့ ဂျေမီမက်အန့်ရှ်က ပြောပါတယ်။

ဂျေမီဟာ ၂၀၂၀ ပြည့်နှစ် မေလမှာ ဧဝရတ်တောင် အခြေစိုက်စခန်းကို တက်ရောက်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် သူ့ရဲ့အစီအစဉ်ကို ၂ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဂျေမီဟာ လာမယ့်အင်္ဂါနေ့မှာတော့ သူ့ရဲ့အဖွဲ့နဲ့အတူ ဧဝရက်တောင် အခြေစိုက်စခန်းကို စတင်တက်ရောက်မှာ ဖြစ်ပါတယ်။ CRPS ရောဂါကို လူတွေ သတိထားမိလာစေဖို့အတွက် ဧဝရက်တောင် အခြေစိုက်စခန်းကို တက်ရောက်မှာဖြစ်ပြီး CRPS ရောဂါဆိုင်ရာ သုတေသနအတွက် ရန်ပုံငွေ တိုးမြှင့်ရရှိစေလိုတယ်လို့ ဂျေမီက ဆိုပါတယ်။

” စောစောစီးစီးသိရင် အခြေအနေကို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ လူတွေက ဒီရောဂါ ခံစားနေရတာကို သတိမထားမိလို့ ရောဂါစစ်ဆေးတဲ့အဆင့်ကို ကျော်သွားကြတာကတော့ ဝမ်းနည်းစရာပါပဲ။ အဲဒီအတွက် ရောဂါစစ်ဆေးရေးဆိုတဲ့ တံခါးတစ်ချပ်ကို ကျော်ဖြတ်ဖို့ လိုပါတယ်” လို့ ဂျေမီက ပြောပါတယ်။ ဂျေမီဟာ အထူးဖန်တီးထားတဲ့ ချိုင်းထောက်နဲ့ ဧဝရတ်တောင် အခြေစိုက်စခန်းကို တက်ရောက်မှာဖြစ်ပြီး အတက်ခရီးအတွက် ၁၀ ရက်၊ အဆင်းခရီးအတွက် ၄ ရက် ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဧဝရတ်တောင် အခြေစိုက်စခန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၇၆၀၀ မှာ တည်ရှိပါတယ်။

Ref: BBC ” Everest: Jamie McAnsh to attempt climb on crutches”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top