တစ်ခါတုန်းက သားအဖ နှစ်ယောက်ဟာ စွန်လွှတ်ကြတဲ့ ပွဲတော်ကို သွားကြပါသတဲ့။ အရောင်အသွေး စုံလင်စွာ လေထဲမှာ လှပနေကြတဲ့ စွန်တွေကို ကြည့်ပြီး ကောင်လေးက သူလည်း စွန်လွှတ်ချင်တယ်လို့ သူ့အဖေကို ပူဆာပါလေရော။
အဖေဖြစ်သူက သားကို စွန်နဲ့ ရစ်ဘီး ဝယ်ပေးပြီး စွန်လေးကို အမြင့်ကြီး ရောက်အောင် လွှတ်တင်ပေးလိုက်ပါတယ်။ စွန်လေးက အမြင့်မှာ လှလှပပလေး ရှိနေတဲ့အချိန်မှာပဲ သားလေးက “အဖေ .. တကယ်ဆို စွန်လေးက ဒီထက် မြင့်မြင့်ကို ပျံနိုင်သေးတာ။ စွန်လေးကို ဒီထက်မြင့်မြင့် မပျံနိုင်အောင် စွန်ကြိုးတွေက တားဆီးထားတာပဲ။ သား ဒီစွန်ကြိုးကို ဖြတ်လိုက်လို့ရမလားလို့” မေးလိုက်ပါတယ်။
ဖခင်ဖြစ်သူကလည်း စွန်ကြိုးကို ဖြတ်ပေးလိုက်တာပေါ့။ အချိန်ခဏလေးမှာတော့ စွန်လေးက ပိုမြင့်တဲ့ အမြင့်တစ်ခုဆီကို ရောက်သွားပေမယ့် တဖြည်းဖြည်းနဲ့ အောက်ကို ပြန်ကျလာပါတော့တယ်။ ကလေးက အဲ့ဒါကို ကြည့်ပြီး အံ့ဩသွားပါတော့တယ်။ စွန်လေးက အမြင့်ကြီးကို ထပ်ပျံသွားရမယ့်အစား ဘာလို့ ဒီလို ပြန်ပြုတ်ကျလာရသလဲဆိုတာ သူ စဉ်းစားမရ ဖြစ်သွားတာပေါ့။ သူအဖေက ကောင်လေးကို အခုလို ရှင်းပြပါတယ်။ အမြင့်တခုကို ရောက်လာပြီဆိုရင် ချည်နှောင်ထားတဲ့ ကြိုးကို အနှောင်အတုပ် တစ်ခု အနေနဲ့ မြင်လာပြီး ဒီကြိုးကြောင့်သာ အပေါ်ကို ထပ်မရောက်နိုင်တာလို့ မြင်လာကြတယ်။
တကယ်ကတော့ အခုလို ချည်နှောင်ထားတဲ့ ကြိုးကြောင့်သာ လေအဟုန်ကို အံတုပြီး အမြင့်မှာ ဆက်ရှိနိုင်တာ ဖြစ်တယ်လို့ ပြောပြလိုက်တာပေါ့။ အခုလို စွန်ကြိုးကို ဖြတ်ချလိုက်တဲ့အခါမှာတော့ သူက လေထဲမှာ ဆက်ပြီး တည်တည်ငြိမ်ငြိမ် ဆက်ရှိမနေနိုင်တော့ဘဲ ပြုတ်ကျလာတော့တာဆိုတဲ့အကြောင်း ကောင်လေး နားလည်အောင် ရှင်းပြလိုက်သတဲ့။ ကောင်လေးကလည်း သူ့အမှားကို သဘောပေါက်သွားပါတယ်။
ဒီဇာတ်လမ်းလေးကနေ တဆင့် ပြောပြချင်တာက လူတွေမှာဆိုရင်လည်း တခါတလေ အဲ့ဒီလို အတွေးတွေ ရှိတတ်ကြစမြဲပါ။ ငါတစ်ယောက်တည်း သာဆိုရင်၊ ငါ့စိတ်နဲ့ ငါသာဆိုရင် ဒီထက် အမြင့်ကြီးရောက်အောင်၊ ဒီထက် ပိုကောင်းတဲ့ နေရာ ရောက်အောင် ငါသွားနိုင်ရက်သားနဲ့ နောက်က ငါ့ကို ချည်နှောင်ထားတဲ့ မိသားစုဆိုရှိနေလို့ ပိုမြင့်တဲ့နေရာကို မရောက်နိုင်တာပဲ ဆိုပြီး ထင်တတ်ပါတယ်။
ဒါပေမယ့် တကယ်က ဒါဟာ နားလည်မှု လွဲနေတယ်လို့ ဆိုရမှာပါ။ စွန်ကို အမြင့်မှာ တည်တည်ငြိမ်ငြိမ်ရှိနိုင်အောင် လုပ်ထားပေးတဲ့ စွန်ကြိုးလိုပဲ မိသားစုဆိုတာကလည်း မိမိတို့ဘဝကို ပိုပြီး ကောင်းမွန်တဲ့၊ ပိုပြီး လုံခြုံ စိတ်ချရတဲ့ အနေအထားကိုရောက်ဖို့ အထောက်အကူပြုပေးထားတယ်လို့ ပြောရမှာပါပဲ။
သူတို့က မိမိတို့ဘဝကို ချည်နှောင်ထားတာမဟုတ်ဘဲ အထောက်အပံ့အဖြစ် ရှိနေပေးတာပဲ ဖြစ်ပါတယ်။ သူတို့ကို ဘယ်တော့မှ လွယ်လွယ်ကူကူ လွှတ်မချပဲ တန်ဖိုးထားတတ်စေဖို့ တိုက်တွန်းလိုက်ပါရစေ။
Ref: The Kite without a thread
Jong Kin (ရိုးရာလေး)