သင်ခန်းစာယူစရာ လုံခြုံရေးအသိပညာ

yyl-049-1.jpg

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အများပြည်သူ စိုးရိမ်ကြောင့်ကြရတဲ့ လုယက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်က ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမပေါ်က CB ဘဏ်မှာ နှာခေါင်းစည်းတပ်ပြီး သေနတ်ကိုင်ဆောင်လာသူနှစ်ယောက်က ခြိမ်းခြောက်ပြီး ကျပ်သိန်း ၆၀၀ လုယက်သွားသလို မိုင်းအတု ထောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က နံနက် ၉ နာရီမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့ည ၈ နာရီခွဲအချိန်မှာတော့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်က The AVENUE Fashion အထည်ဆိုင်မှာ နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားတစ်ယောက်က ဓားကိုင်ခြိမ်းခြောက်ပြီး ငွေလုယက်ခဲ့ပါတယ်။

CB Bank အတွင်း ဝင်ရောက်လုယက်ခဲ့သူတွေက ဘဏ်ရှေ့မှာရှိတဲ့ Probox အမျိုးအစား အငှားယာဉ်နဲ့ ထွက်ပြေးသွားခဲ့ပြီး သူတို့စီးသွားတဲ့ကားကို သာကေတမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီကားကို Traffic Control Centre(သာကေတမြို့နယ်မှာ တပ်ဆင်ထားတဲ့ CCTV မှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ဟုဆို) ကနေ ရှာဖွေတွေ့ရှိခဲ့တာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

အဲဒီလုယက်မှုနှစ်ခုလုံးမှာ ကျူးလွန်သူတွေရဲ့ ပုံရိပ်တွေကို(နှာခေါင်းစည်းတပ်ထားခြင်းကြောင့် အတိအကျ ခွဲခြားနိုင်ခြင်းမရှိသော်လည်း ပုံပန်းသဏ္ဍာန်နှင့် အခြားအချက်အလက်များကို သိရနိုင်)CCTV မှတ်တမ်းတွေကနေ ရရှိထားပါတယ်။ အခုအချိန်အထိတော့ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ ရန်ကုန်မြို့တွင်း လူစည်ကားရာနေရာတွေမှာ အတင့်ရဲလွန်းတဲ့ လုယက်မှုတွေကို အမြန်ဆုံး ဖော်ထုတ်ပေးနိုင်မှ ပြည်သူတွေဘဝ စိတ်ချလုံခြုံမှာပါ။

လူသိရှင်ကြားဖြစ်ခဲ့တဲ့ မှုခင်းတွေမှာ ကျူးလွန်သူတွေကို မဖော်ထုတ်ပေးနိုင်ရင် တရားဥပဒေစိုးမိုးမှု ကျဆင်းပြီး ပြည်သူတွေ ကျောလုံအောင် နေနိုင်မှာမဟုတ်ပါဘူး။ အခြားတစ်ဖက်မှာလည်း လုံခြုံရေးဆိုင်ရာ သင်ခန်းစာယူစရာတွေ ရှိလာခဲ့ပါတယ်။ တကယ်လို့ မိုင်းက အစစ်ဖြစ်ခဲ့ပြီး မိုင်းထောင်ခံရတဲ့နေရာက လူစည်ကားတဲ့ စျေးဝယ်စင်တာလို နေရာမျိုး ဖြစ်နေ မယ်ဆိုရင် မတွေးဝ့ံစရာ အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က ရန်ကုန်ကုန်သွယ်မှု ဗဟိုဌာန၊ ဒဂုံစင်တာနှင့် Junction 8 တို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေက သင်ခန်းစာယူစရာပါ။

အခုဖြစ်ပွားခဲ့တဲ့ အခြေအနေတွေအရ စင်တာတွေ၊ လူစည်ကားရာနေရာတွေမှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်ပါတယ်။ လုံခြုံရေးစစ်ဆေးမှုတွေကို ပေါ့ပေါ့ဆဆ လုပ်လို့ မရပါဘူး။ အခြားတစ်ဖက်မှာလည်း ရဲတပ်ဖွဲ့လို တာဝန်ရှိ အဖွဲ့အစည်းတွေက “ရာဇဝတ်ဘေး ပြေးမလွတ် ဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။ ရာဇဝတ်မှုတွေကို မဖော်ထုတ်နိုင်တာက ရာဇဝတ်မှု ကျူးလွန်ချင်သူတွေကို သွယ်ဝိုက်သောနည်းနဲ့ အားပေးသလို ဖြစ်စေနိုင်ပါတယ်။ ဒီအတွက် လုံခြုံရေးဆောင်ရွက်မှုတွေကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်ပြီး အခုဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှု အားကောင်းခိုင်မာလာစေဖို့ ရည်သန်ရေးသားလိုက်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top