ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ

0312ILIN03-web.jpg

ကိုယ့်ဗိုက်ထဲမှာ ရှိနေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ပတ်သက်ပြီး ငယ်ငယ်တည်းက မှားသိနေတဲ့ အယူအမှားတွေ ရှိပါတယ်။ ကိုယ်ကြားဖူးနေကျ နားရည်ဝနေတာတွေက တကယ်ရော မှန်ရဲ့လားဆိုတာ ကြည့်ရအောင်။

ပီကေတွေ မျိုချမိရင် အူမှာကပ်နေတတ်တယ်

ပီကေမျိုချမိရင် အူမှာကပ်နေတတ်တယ်။ အန္တရာယ်ရှိတယ်ဆိုတာမျိုးတွေ ငယ်ငယ်က ပီကေစားရင်း လူကြီးတွေပြောတာ ကြားဖူးမှာပါ။ တကယ်တော့ ဒါဟာ မှားနေတဲ့အယူအဆပါ။ ပါးစပ်ထဲမှာ ပီကေဝါးနေရင် မကပ်အောင် တံတွေးကကူညီသလိုပဲ မတော်တဆမျိုချမိတဲ့ ပီကေကို အူနဲ့ အစာအိမ်မှာ ကပ်မနေအောင်လို့ ဆောင်ရွက်ပေးတဲ့ အစာခြေရည်တွေ ရှိပါတယ်။ ဒါကြောင့် ကိုယ် မတော်တဆ ပီကေမျိုချလိုက်ပြီဆိုရင် စိုးရိမ်မနေပါနဲ့။ ရက်အနည်းငယ်ကြာရင် ဝင်သွားတဲ့ ပီကေက ဝမ်းနဲ့ အတူပြန်ပါသွားမှာပါ။

မာလကာစေ့မျိုချမိရင် အူအတက်ရောင်တတ်တယ်

ငယ်ငယ်တုန်းကဆို မာလကာသီးစားရင် အစေ့တွေကို ကြေအောင်ဝါး။ အစေ့လိုက်မျိုချမိရင် အူအတက်ထဲဝင်ပြီး အူအတက်ရောင်လိမ့်မယ် ဆိုတာမျိုးတွေ ကြားရလွန်းလို့ နားရည်ဝခဲ့မှာပါ။ တကယ်တော့ မျိုချမိတဲ့အစေ့တွေကို ချေဖျက်ပေးဖို့ အစာအိမ်ကအက်ဆစ်တွေရှိနေတဲ့အတွက် အူအတက်ထဲမာလကာစေ့ဝင်ပြီး အူအတက်ရောင်တယ်ဆိုတာ အင်မတန်မှဖြစ်ခဲတဲ့ အရာတစ်ခုပါ။ ဒါ့အပြင် အူအတက်ရောင်တာအများစုဟာ ဝမ်းချုပ်လွန်းပြီး အူထဲကျန်နေတဲ့ စမြင်းတုံးအမာလေးတွေ အူအတက်ထဲရောက်သွားတာကနေ ဖြစ်တတ်တာပါ။

အစပ်တွေစားလွန်းရင် အစာအိမ်မှာ အနာဖြစ်တယ်

အပူအစပ်တွေစားလွန်းတာကြောင့် အစာအိမ်အနာဖြစ်တတ်တယ်ဆိုတာလည်း ငယ်ငယ်တည်းက ကြားဖူးခဲ့တဲ့ ယုံတမ်းတစ်ခုပါ။ တကယ်တော့ အစာအိမ်မှာအနာဖြစ်တယ်ဆိုတာ Helicobacter pylori (H. pylori) လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ရတာပါ။ အပူအစပ်တွေ စားလိုက်တာကြောင့် အနာဖြစ်ရတာမဟုတ်ဘဲ Helicobacter pylori (H. pylori) ကြောင့် ဖြစ်နေပြီးသားအနာကို အပူအစပ်က ပိုဆိုးသွားစေတာပဲရှိတာပါ။ အစာအိမ်ထဲမှာ အရမ်းပြင်းတဲ့ pH 1 ပြင်းအားအက်ဆစ်တွေတောင် ရှိနေသေးတာ အစားအသောက်ထဲပါတဲ့ အပူအစပ်လောက်ကတော့ အစာအိမ်က အပျော့ပါ။

အစာစားပြီးပြီးချင်း ရေချိုးရင်ရေဖျင်းဆွဲလိမ့်မယ်

ဒီယုံတမ်းက ဘိုးဘေးဘီဘင်လက်ထက်တည်းက အပြောများခဲ့တဲ့ ယုံတမ်းတစ်ခုပါ။ အစားစားပြီးပြီးချင်း ရေချိုးလိူက်တာကြောင့် ဗိုက်ထဲ ရေတွေစိမ့်ဝင်သွားပြီး ရေဖျင်းဆွဲတယ်ဆိုတာ လုံးဝကိုမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ တကယ်တော့ အစားစားပြီးပြီးချင်း ရေချိုးရင် သွေးကြောတွေ ပွင့်သွားပြီး အစာအိမ်ဆီကို လုံလောက်တဲ့ သွေးမရောက်တော့လို့ အစာမကြေတာကိုပဲ ဖြစ်စေတာပါ။ ရေဖျင်းဆိုတာက အသည်းကောင်းကောင်းအလုပ်မလုပ်တော့တဲ့အခါ ဝမ်းတွင်းကလီစာနဲ့ နံရံတွေကြားမှာ အရည်တွေစုလာလို့ ဖြစ်ရတာပါ။

အသည်းခြောက်တာက အရက်ကြောင့်ပဲ ဖြစ်တာပါ

အသည်းခြောက်တာဟာ အရက်သောက်လွန်းတဲ့သူတွေမှာ အတွေ့ရများတယ်ဆိုပေမယ့် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး တွေကြောင့်လည်း အသည်းခြောက်တာဖြစ်တတ်ပါတယ်။

အသက်အရွယ်ကြီးတဲ့သူတိုင်း ဝမ်းချုပ်တတ်ကြတယ်

အသက်ကြီးလာရင် အူတွေ အရင်လိုညှစ်အားမကောင်းတော့လို့ ဝမ်းပိုချုပ်တယ်ဆိုတာ တကယ်မှားနေတဲ့ အယူအဆပါ။ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်းဟာ ကိုယ်အမျှင်ဓာတ် ဘယ်လောက်စားလဲဆိုတာပေါ်မှာပဲ မူတည်နေတဲ့ အရာတစ်ခုပါ။ အမျှင်ဓာတ်ကို လုံလောက်အောင် မစားရင် အရွယ်သုံးပါးလုံး ဝမ်းချုပ်နိုင်ပါတယ်။

လှဲအိပ်လို့ ရင်ပူရင် ထိုင်အိပ်လိုက်ပါ

အက်ဆစ်တွေ ပြန်ဆန်တက်လို့ ညဘက်လှဲအိပ်ရင် ရင်ပူတဲ့အဖြစ်မျိုး အစာအိမ်သမားတိုင်း ဖြစ်ဖူးကြပါတယ်။ ဒီလိုအချိန်မျိူးမှာ ရင်ပူတာကို သက်သာအောင်ဆိုပြီး ထိုင်လျက်အိပ်ကြတဲ့သူတွေရှိပါတယ်။ တကယ်တမ်ကး ထိုင်အိပ်စရာမလိုပါဘူး။ ကိုယ့်ခေါင်းနဲ့ ရင်ဘတ်အောက်မှာ ခေါင်းအုံးလေးတွေခံပြီး မြင့်မြင့်မှီအိပ်လိုက်တာနဲ့တင် ရင်ပူတာသက်သာသွားမှာပါ။

အူလှုပ်ရှားမှုမမှန်တဲ့ရောဂါဟာ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေ ကြောင့်ဖြစ်ရတာပါ

Irritable Bowel Syndrome လို့ခေါ်တဲ့ အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါက စိတ်ဖိစီးမှုများလွန်းတာကြောင့်ဖြစ်ရတာပါ။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေက ရောဂါကိုဖြစ်စေတာမဟုတ်ဘဲ ရောဂါလက္ခဏာကို ပိုဆိုးစေတာပါ။

ကဲ ဒါတွေကတော့ လူပြောများ၊ အသိမှားနေကြတဲ့ အစာခြေစနစ်နဲ့ ပတ်သက်သမျှ ယုံတမ်းစကားတွေပဲဖြစ်ပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top