ရိုးရာလေးရဲ့ အပတ်စဉ် အနုသုခုမအညွှန်း

Tha_Main_Paw_Thut_Cartoon_Acid.png

မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ အနုသုခုမအညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ရဲ့ ကလေးဘဝကို သွားလည်ကြရအောင်လား….။ ၁၉၉၀ နဲ့ ၂၀၀၀ ပတ်ဝန်းကျင် ကာလတွေဟာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ အလှမ်းဝေးသေးတဲ့ ကာလတွေဖြစ်ပြီး သဘာဝနဲ့လည်း အလွန်တရာ နီးစပ်ခဲ့တဲ့ အချိန်တွေပါ။

ညဘက်ဆိုရင် မြဝတီ၊ မြန်မာ့အသံကပြတဲ့ တရုတ်ကားလေးကြည့်မယ်၊ ညနေပိုင်းမှာ ကာတွန်းလေးတွေဖတ်မယ်၊ မနက် ကျောင်းသွားပြီး ပြန်လာရင် ကျောင်းကဘောလုံးကွင်းထဲမှာ၊ လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူတူ ကစားကြမယ်။ အိမ်မှာ စလောင်းတပ်ထားနိုင်ရင် အကောင်ပဲ အယ်လယ် 😀 ပြောရင်းတောင် ပြန်လွမ်းမိ.. ဒီတော့ ကျွန်တော်တို့ ကလေးဘဝလေးကို ခဏလေး ပြန်အလည်သွားကြရအောင်.. အလွမ်းပြေပေါ့…။

စာအုပ်ကဏ္ဍအတွက်

စာအုပ်ဆိုရင် ခင်ဗျားတို့ ဘယ်စာအုပ်တွေ ဖတ်ဖြစ်လဲ? ကျွန်တော်တော့ ရွှေဥဒေါင်းတို့ ဒဂုန်ရွှေမျှားတို့ ဖတ်ဖြစ်တယ်.. အယ်လယ်.. နောက်တာပါ.. နောက်တာပါ… ကလေးဘဝ ၃တန်းလောက်ထိ အဖတ်အများဆုံးကတော့ ထုံးစံအတိုင်း ကာတွန်းစာအုပ်တွေပေါ့.. ဘိုဘို၊ ဂျောက်ဂျက်၊ တွတ်ပီ၊ ဖြူဖြူ (စိတ်ကူးယဉ်) ၊ ခါဥနဲ့ ထွန်းခင်၊ သမိန်ပေါသွပ်၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ ကြာဇံ၊ အရိုင်း အများကြီးမှ အများကြီးပေါ့… အီးတီ ကို ထွင်ခိုင်းလို့ရရင် စာမကျက်ဘဲ အလွတ်မှတ်မိစေတဲ့ စက်မျိုး ထွင်ခိုင်းချင်တယ်။ မောင်တီထွင်ဆိုတာက ကျွန်တော့် ဟီးရိုးပဲ.. သူ့လို သိပ္ပံပညာရှင်ဖြစ်ချင်တယ်လေ.. ကျွန်တော်က အရိုင်းကျ သိပ်မကြိုက်လှဘူး.. စာများလို့လေ 😀 ကိုပူစီလို ကြိုးလေးပစ်ပြီး တစ်တိုက်ကနေ တစ်တိုက်ကို ကူးချင်သေးတာကလား.. ခါဥ နဲ့ ထွန်းခင်တို့လို ရွာလေးမှာ ဇာတ်ပွဲတွေ ကြည့်နေချင်တဲ့ စိတ်ကလေးကလည်း မသေးလှဘူး.. အမယ်.. အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိက ပေါသွပ်နဲ့မှ မရရင် အဲဒီစာအုပ်ကို မှတ်ထားပြီး နောက်မငှားတော့ဘူး 😀 ငှားတယ်ဆိုမှ အဲဒီတုန်းက စာအုပ်အငှားဆိုင်လေးတွေခေတ်နော်.. ခုတော့ တိမ်ကော ပျောက်ကွယ်.. :’( စာအုပ်အငှားဆိုင် ယဉ်ကျေးမှုလေးကိုတောင် ပြန်တမ်းတမိပါသေးတယ်…။

ရုပ်ပြထဲမှာဆိုရင်တော့ မိုက်မိုက်(ပြည်)တို့၊ စိုင်းလားရှိုးတို့ အင်ဂျန်း၊ ရာမာဖုံ သိပ်ကြိုက်ခဲ့တာပေါ့.. အင်ဂျန်းတို့ ရာမာဖုံတို့ဆိုတာ ငယ်ဘဝစိတ်ကူးထဲက ချစ်သူတွေ အယ်လယ်.. ကိုကိုလူကြမ်းပေါ့ 😀 အာ့တောင်လေ.. အဲဒီရုပ်ပြတွေရဲ့ မူရင်း ရုပ်ရှင်တွေ ကြည့်တဲ့အခါ ဟင် ရာမာဖုံ ဇာတ်လမ်းကြီးဆိုပြီး လုပ်သေးတာ :3 လျှော့တော့မတွက်စေချင် 😛 စိုင်းဗေဒါဆိုလည်း စိုင်းဗေဒါအလိုက် မြန်မာ့စီးပွားရေးလောကထဲ စိတ်ကူးနဲ့ ခုန်ဝင်ခဲ့ရတာ အကြိမ်ကြိမ်.. ရှင်နှောင်းတို့ သက်ပိုင်ရဲတို့တော့ သိပ်မကြိုက်လှဘူး.. စကားတွေ အရမ်းများလို့ 😀 အရုပ်လေးတွေတော့ လိုက်ကူးဆွဲတယ် :3 ပြီးတော့ မိုက်မိုက် (ပြည်)ဆိုရင်လည်း ဘဝထဲက ဝတ္ထုမဟုတ်လား.. ပညာပေးလေးတွေကလည်း ပါတော့ အနှစ်ပေါ့.. နောက် ချန်ထားလို့မရတာက ရတနာပန်းခင်း ခုချိန်ထိ ကျွန်တော့်အကြိုက်ဆုံးထဲ ပါနေတုန်း… ကလေးတွေအတွက် တကယ်ကို သင့်လျော်တဲ့ စာအုပ်ပါ.. ပုံပြင်တွေ အစုံသိရသလို စာစီစာကုံးရေးနည်းလည်း သင်လို့ရတယ်။ ဉာဏ်စမ်းလေးတွေလည်း ဖြေလို့ရတယ်။ မျက်စိလျင်မလျင်တောင် စမ်းလို့ရသေး…. ကြိုက်မိပါတယ်နော်..။

အင်္ဂလိပ်စာ တတ်လာတဲ့အရွယ်ရောက်တော့ Top တို့ The Light တို့ ဖတ်ဖြစ်တယ်.. Pen Friend တွေတော့ မရှိပါဘူးနော် 😀 The Light က ဉာဏ်စမ်းလေးဖြေပြီး စာအုပ်လက်ဆောင်ရတာ အမှတ်တရပေါ့.. Top ကတော့ မောင်ရိုးနဲ့ ပုံပြင်လောက် ဖတ်တာရယ် 😀 လက်ဦးဆရာတွေပါနော်… စာဖတ်နေတဲ့သူတွေထဲမှာ Top တို့ The Light တို့က စာရေးသူတွေရှိရင် တစ်ခါတည်း ကျေးဇူးတင်လိုက်ချင်ပါတယ်.. ကျွန်တော်ဒီနေရာကနေ ဆရာတို့ကို ကန်တော့ပါတယ်… သင်ယူခဲ့ရတာတွေ အများကြီးမို့ ကျွန်တော့် မြင်ဆရာတွေပါပဲလို့..။

ရုပ်ရှင်ကဏ္ဍအတွက်

ငယ်ဘဝလေး နည်းနည်း ပြန်အမှတ်ရသွားပြီလား.. ဒါဖြင့် စာအုပ်အကြောင်းတော်ပြီး ရုပ်ရှင်အကြောင်း ဆက်ကြရအောင်.. အဲဒီအချိန်တွေတုန်းက နာမည်ကြီးတာ ဘောလိဝုဒ်ဇာတ်ကားတွေပေါ့… အမယ်.. မြန်မာကားတွေတောင် ပြန်ရိုက်ထားတာရှိသေး… ဥပမာ ရင်ထဲမှာ ဘာညာဘာညာဆိုရင် Kuch Kuch Hota Hai ကိုပြန်ရိုက်ထားတာ.. မသိပါဘူး… ဒွေးနဲ့ ထက်ထက်မိုးဦးကို သဘောကျလို့ ဘောလိဝုဒ်က ပြန်ရိုက်တယ်လို့ ထင်ခဲ့တာ ငယ်ငယ်က 😀 😀 နောက် K3G တို့ဆို အမယ် မျက်ရည်တွေဘာတွေ အတောင့်လိုက် ကျလိုက်သေးတာ.. (ခုထိပဲဆိုတာတော့ မပြောတော့ပါဘူး) ညွှန်းစာဖွဲ့လို့ မမီလားမသိဘူး ပြန်ရိုက်တယ်လေ… ဒါလည်း ထက်ထက်မိုးဦးနဲ့ပဲ.. မင်းသားက လူမင်းလားမသိဘူးရယ်.. မှတ်မိတော့ဘူး.. ဦးညွန့်ဝင်းနဲ့ အန်တီဝါဝါဝင်းရွှေကို ကြည့်ပြီး ငိုခဲ့ရတာပေါ့… “ရွှံ့ပေါ်ရှဉ့်ပြေး၊ ရှဉ့်မွေး ရွှံ့မလူး” ဆိုတာ အဲဒီတုန်းက ကလေးတွေ ပါးစပ်ဖျားမှာ တဖွဖွရယ်… အဲဒီခေတ်က မြန်မာကားတွေဆိုတာလည်း အချဉ်မဟုတ်ဘူးနော်… တကယ်ကောင်းတဲ့ ဇာတ်ကားတွေ.. ဟာသကားဆိုတာလည်း ဟာသကားသက်သက်ပဲ .. ပေါကားမဟုတ်ဘူးရယ် :3 အောက်လုံးတွေ မသုံးကြသေးသလို သရုပ်ဆောင်တာလည်း ကောင်းကြတုန်းပေါ့..။

နောက်ထပ် ခေတ်စားတာက သိုင်းကားတွေ… အမယ်.. ပေါင်ချိန်တို့ ကျန်ကျောင်းတို့ဆိုတာ အသည်းစွဲ… ဗီဒီယိုရုံတွေလည်း ရှိသေးတာကလား.. ညဘက်ကို မီးပျက်လို့ မကြည့်လိုက်ရဘူးဆို နောက်ရက်ကျ ဗီဒီယို ရုံမှာ သွားကြည့် … အဲဒီလို သွားမကြည့်ရလို့ ငိုကြီးချက်မ ဖြစ်ခဲ့ရတာတွေလည်း မနည်းလှပါဘူး 😀 မတတ်နိုင်ဘူးလေ.. ကြည့်ချင်တာကိုး… ချစ်သူ့လိပ်ပြာတို့ အထူးရဲကွန်မန်ဒိုတို့ ပိုင်ဟွေ့တို့ တစ်ခေတ်ထချက်ပဲ… အဲဒီခေတ်က စာစောင်တွေထဲမှာတောင် မနေ့ညက လာသွားတဲ့အပိုင်းမှာ ဘာတွေဖြစ်သွားတယ်..ဒီနေ့အတွက်က ဘယ်လို နမူနာလေးပါတယ်ဆိုတဲ့ စာပိုဒ်လေးတွေ ပါသေး.. မနည်း ရှာရှာဖတ်ရတယ် 😀 ပုန်းနေသော နဂါးနဲ့ ချောင်းနေသော ကျား အယ်လယ်.. Crouching Tiger, Hidden Dragon ဆိုတာကတော့ လူတိုင်း ကြိုက်ကြတဲ့ ဇာတ်ကားပေါ့.. ဝါးပင်ရဲ့ အကိုင်းဖျားလေးမှာ တိုက်ကြတဲ့ ကျိုးယွင်ဖ (ချောင်ယွန်ဖတ်) နဲ့ ကျန်းကျိရိ တို့က ဟီးရိုးတွေ…။

အမယ်.. ငယ်ငယ်က ကိုယ့်ရည်မှန်းချက်တွေလည်း သိပ်ကြီးပေါ့… အတွင်းအားပညာရှင်ကြီးဖြစ်ချင်တာလေ 😀 ဘယ်လောက်မှ မမြင့်တဲ့ ချောက် (မြောင်း) ထဲ ခုန်ချ၊ ဟာ သိုင်းကျမ်းကြီး ရှာတွေ့ပြီပေါ့ :3 အသက်ငယ်ပေမဲ့ သိုင်းပညာစွမ်းကိုတော့ အထင်မစမောစေချင်ပါနော် 😀 ဆိုတော့ ဒါတွေ ဒါတွေ ခေတ်စားခဲ့ပါတယ်လို့… မညာနဲ့ ခုတောင် ပြန်ကြည့်ချင်သွားပြီမဟုတ်လား..။

သီချင်းကဏ္ဍအတွက်

သီချင်းကျပြန်တော့ရော? ကမ္ဘာကြီးက ရွာလေး မဖြစ်ခင်အချိန်မှာ မြို့ကြီးလောက်ပဲ ထားပါတော့.. ကျွန်တော်တို့ နိုင်ငံက အဖျားအနားက ဇနပုဒ် မဟုတ်လား… သိပ်တော့ ခေတ်မမီဘူးရယ်လေ… နိုင်ငံခြားသီချင်း ဘာညာဆို သိပ်မသိကြဘူး… အများဆုံးသိကြတာ Westlife ပေါ့.. ခပ်ချောချော ကောင်လေး ၅ ယောက်ဖွဲ့ထားတာဆိုတာလောက် သိကြတာကလား… နာမည်တွေဘာတွေပါ သိရင် အဲဒါ အကောင်ပဲ 😀 I Lay My Love on You တို့ My Love တို့ဆိုတာက နာမည်ကြီးသီချင်းတွေ…. နောက် Michael Learns to Rock ရဲ့ Take me to your heart လေ… အမှန်က ကြိုးမဲ့စွန်က နာမည်ကြီးတာ :3 မသိပါဘူး ကော်ပီမှန်းလည်း ကြိုက်တာပဲ… ကော်ပီမှန်းသိလည်း ကြိုက်တာပဲ မတတ်နိုင်ဘူး.. ကိုယ်ပိုင်သံစဉ်က ရှားသားမဟုတ်လား.. အဲဒီခေတ်က ကော်ပီဆိုမှသာ လူသိတာကိုး…။

ကမ္ဘာ့ဂီတလောကတွေ ဘာတွေလာမပြောနဲ့ ကိုယ့်နိုင်ငံမှာ နာမည်ကြီးတာက အရှေ့တိုင်းသီချင်းတွေပဲ.. သွသူ ဘာကောင်ကြီးနေနေ လာမပြောနဲ့.. ငါတို့က အိုခေ နားထား ပဲ ကြိုက်တာ ဆိုတာမျိုး 😀 မှတ်မိသေးတယ်ဟုတ်?ထိုင်းသီချင်းတွေ အဇမ်းနာမည်ကြီးတာလေ… နောက် ဘောလိဝုဒ်ရုပ်ရှင်တွေထဲကသီချင်းတွေ… “ကယ်သိုနား၊ ကယ်သိုနား၊ ယူအာမိုင်ဆိုးနီးယား” တို့ဘာတို့ ဘာအဓိပ္ပာယ်မှန်းလည်း မသိပါဘူး.. ဆိုကောင်းတော့ ပါးစပ်ထဲစွဲနေတာ :3 ဆိုဖူးတယ်မလား… မညာနက် ဟွင်းဟွင်း… ကျန်ကျောင်းသီချင်းဆိုတာကလည်း ခေတ်စားချက်တစ်ပေါက် လျှမ်းလျှမ်းကိုတောက်နေရော.. “လောကမြေဒီကမ္ဘာကြီးမှာ အမှန်တရားစိုးမိုးပါစေ” အယ်လယ်လယ်… ကြော်ငြာသီချင်းတွေဆိုတာကလည်း ကလေးတွေ ပါးစပ်ဖျား နာမည်ကြီးတဲ့ သီချင်းတွေပဲဗျ.. ထက်ထက်မိုးဦးရယ်လို့ စဖြစ်လာတဲ့ ရွှေစင်ကြော်ငြာဆိုတာလေ… တပန်ပန်နဲ့ တစ်မြို့လုံး ပန်ကုန်ရောပဲ :3

Iron Cross ဆိုတာလေ Westlife နဲ့တောင် မလဲဘူး.. ကြိုက်တာ 😀 ဦးညီထွဋ်သီချင်းတွေဆိုတာလည်း ခေတ်စားမှစား.. လူငယ်တွေ ပါးစပ်ဖျားကတောင် မချ၊ နောက် ဇော်ပိုင်၊ ချောစုခင်၊ ဟေမာနေဝင်း၊ ရတနာဦး၊ အေးချမ်းမေ၊ ကိုင်ဇာ၊ မေဆွိ တကယ့်ကို ဂိတွေချည်း.. အဆိုပညာမှ မတတ်ရင် စင်ပေါ်မရောက်တဲ့ ခေတ်ကိုး… သီချင်းတွေဆိုတာကလည်း ကော်ပီသာပြောတာ သူ့ဟာသူလည်း နားထောင်ကောင်းနေဆဲပဲ.. ဥပမာ အပြာရောင် အချစ်ညနဲ့ Blue Night ဆို ကျွန်တော်ဆို အပြာရောင်အချစ်ည ပိုကြိုက်တယ်.. ဒီလိုကိုး….။

ကဲ.. ဆက်ရေးရင်လည်း ပြီးမယ်မထင်တော့ဘူး… ဒီတစ်ပတ်တော့ ဒီမှာပဲ ရပ်လိုက်တော့မယ်ဗျာ…. ခင်ဗျားတို့ ပြန်တမ်းတမိတဲ့ ငယ်ဘဝလေးတွေကိုလည်း အောက်မှာ ရေးသွားပေးကြပါဦးလို့…။

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top