ရိုမန် အေဗရာမိုဗစ်ခ်ျရဲ့ နိုင်ငံသားခံယူခွင့် တောင်းဆိုချက်ကို ဆွစ်ဇာလန်အစိုးရ ပယ်ချခဲ့

2018_05_29_46739_1527592200._large.jpg

အများပြည်သူ လုံခြုံရေးနဲ့ တိုင်းပြည်ရဲ့ပုံရိပ်ကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆွစ်ဇာလန်ရဲတွေက အာဏာပိုင်တွေကို သတိပေးမှုကြောင့် ချယ်ဆီးလ် ဘောလုံးကလပ်ပိုင်ရှင် အေဗရာမိုဗစ်ခ်ျ (Roman Abramovich) ရဲ့ ဆွစ်ဇာလန်နိုင်ငံသားဖြစ်ခွင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

ဖယ်ဒရယ်ရဲတပ်ဖွဲ့က ဒီရုရှားဘီလျံနာအပေါ်  ပိတ်ပင်ထားမှု အစီရင်ခံစာကို လောဆန်းမြို့ (Lausanne) တရားရုံးကနေ ဖယ်ရှားပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို ယခုသီတင်းပတ်အစောပိုင်းက ဇူးရစ်မြို့အခြေဆိုက် “တာ” မီဒီယာ သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ ၎င်း စုံစမ်းမှုတွေအရ မစ္စတာအေဗရာမိုဗစ်ကို ငွေကြေးခဝါချမှုတွေနဲ့ ဒုစရိုက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်သွယ်မှုများရှိနိုင်ကြောင်း သံသယရှိတာကြောင့် ရဲတပ်ဖွဲ့က သူ့ရဲ့နေထိုင်ခွင့်တောင်းခံမှုကို ပယ်ချဖို့ အာဏာပိုင်တွေထံ အကြံပေးတင်ပြခဲ့ပါတယ်။ တန်းဂတ်စ်-အန်းစိုက်ဂါ (Tanges-Anzeiger) သတင်းစာတွေမှာတော့ ‘မစ္စတာအေဗရာမိုဗစ်အပေါ် သံသယရှိမှုတွေကို ဖယ်ဒရယ်တပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေက သက်သေမပြနိုင်ခဲ့’ လို့ ဖော်ပြထားခဲ့ပါတယ်။

အဆိုပါ (၅၁) နှစ်အရွယ် ဘောလုံးအသင်းပိုင်ရှင်ဟာ ဆွစ်ဇာလန်နိုင်ငံမှာသာမက အခြားနိုင်ငံတွေမှာပါ မည်သည့်ပြစ်မှုနဲ့မှ စွပ်စွဲခြင်းမခံထားရကြောင်း သိရှိရပါတယ်။ ၎င်းရဲ့ရှေ့နေ ဒန်နီရယ် ဂလာဆယ်ကတော့ မစ္စတာအေဗရာမိုဗစ်အနေနဲ့ အမှားတစ်စုံတစ်ရာမျှ ပြုလုပ်ထားခြင်းမရှိ လို့ ငြင်းဆိုထားပါတယ်။

“မစ္စတာအေဗရာမိုဗစ်က ငွေကြေးခဝါချမှုတွေမှာပါဝင်တယ်.. ဒုစရိုက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေက မမှန်ပါဘူး”လို့ သူကဆိုပါတယ်။ “မစ္စတာအေဗရာမိုဗစ်ဟာ ငွေကြေးခဝါချမှုတွေမှာ ပတ်သက်ပါဝင်တယ်လို့ တစ်ခါမှ အမိန့်ချမှတ်ခြင်းမခံရဖူးပါဘူး နောက်ပြီး သူ့မှာ ပြစ်မှုတစ်စုံတစ်ရာမှလည်း မရှိထားပါဘူး။ သူက ဒုစရိုက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ခြင်းမရှိသလို ပတ်သက်ဖူးတယ်လို့ စွပ်စွဲခြင်းတွေလည်း မရှိထားပါဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။

မစ္စတာဂလာဆယ်က ဖယ်ဒရယ်ရဲတပ်ဖွဲ့ထံကို အချက်အလက်တွေကို ပြန်လည်ပြင်ဆင် စစ်ဆေးပေးဖို့ ကိုယ်တိုင်တောင်းခံထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းအချက်အလက်တွေ မပေါက်ကြားစေအောင် ချယ်လ်ဆီးအသင်းပိုင်ရှင်ရဲ့ ရှေ့နေတွေက ခုနှစ်လကြာအောင် တားဆီးနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ၎င်းတို့ရဲ့ကြိုးပမ်းမှုကြောင့် အဆိုပါအချက်အလက်တွေကို တရားဝင်ဖော်ပြခွင့်အတွက် ယခုသတင်းအပတ်မှသာ ဖော်ပြစေဖို့ တရားရုံးက ဖေဖော်ဝါရီလအတွင်းမှာ ချမှတ်ခဲ့ပါတယ်။

မစ္စတာအေဗရာမိုဗစ်ဟာ နေထိုင်ခွင့် တောင်းခံစာကို လွန်ခဲ့တဲ့နှစ်နှစ်က ဆွစ်စ် လူဝင်မှုကြီးကြပ်ရေးထံ လျှောက်ထားခဲ့တာလို့ သိရပါတယ်။ ယခုနှစ်အစပိုင်းမှာ အေဗရာမိုဗစ်ခ်ျဟာ ယူကေ “ရင်းနှီးမြုပ်နှံသူ ဗီဇာ” ကို ထပ်မံ သက်တမ်းတိုးခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့အမှုဆောင်အရာရှိချုပ်ဟောင်း ထရေဗာ ဘာ့ခ်ျ ( Trevor Birch) ကတော့ “လတ်တလော ဆုံးဖြတ်ချက်ဖြစ်တဲ့ ချယ်လ်ဆီးကွင်းအသစ်အတွက် အစီအစဉ်တွေကို ခေတ္တခဏ ရပ်ဆိုင်းထားဖို့ဆုံးဖြတ်ချက်ဟာ ဗီဇာပြဿနာတွေနဲ့ ဆက်နွယ်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒီ ရုရှားဘီလျံနာသူဌေးဟာ ယခုနှစ် မေလမှာ အစ္စရေးနိုင်ငံသားဖြစ်ခွင့် ရရှိခဲ့ပါတယ်။ အစ္စရေးနိုင်ငံဟာ သူ့နိုင်ငံကို ရွှေ့ပြောင်းချင်တဲ့ မည်သည့် ဂျူးလူမျိုးကိုမဆို နိုင်ငံသားဖြစ်ခွင့်ပေးပါတဲ့အပြင် အစ္စရေး ပတ်စပို့စ် ကိုင်ဆောင်ထားသူဟာ ယူကေကို ဗီဇာမလိုဘဲ ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။

Ref: “Roman Abramovich denied Swiss citizenship after police”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top