လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံရှုံးနိမ့်

thai_2myan.jpg

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားနှစ်ဦး

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံ အထက်တရားရုံးချုပ်က ပယ်ချခဲ့ပြီး သေဒဏ်ကို အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံ အထက်တရားရုံးချုပ် တရားသူကြီးက မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ရှေ့မှောက်မှာ ဖတ်ကြားမှုလုပ်ခဲ့တယ်လို့ လိပ်ကျွန်းလူသတ်မှုအရေးဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့မှဦးထူးချစ်က ပြောပါတယ်။
တရားသူကြီးဟာ ထိုင်းစံတော်ချိန် နံနက် ၁၀နာရီကနေ အမှု့ကို စတင်ဖတ်ကြားပြီး နေ့လည် ၁ နာရီထိ အချိန် ၄ နာရီကြာ ဖတ်ကြားခဲ့တယ်လို့ ဦးထူးချစ်က ပြောပါတယ်။

ဗြိတိန်နိုင်ငံကနေ ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်ခဲ့တဲ့ ဟန်နာဝစ်သာရစ်ချ်နဲ့ ဒေးဗစ်မီလာတို့ရဲ့ ရုပ်အလောင်းတွေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလက ခိုတောင်ကျွန်း ကမ်းခြေမှာ တွေ့ခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့ ဝစ်သာရစ်ချ်ဟာ အဓမ္မကျင့်ခံရပြီး ဦးခေါင်းကျေမွအောင် ရိုက်ခံထားရသလို အသက် ၂၄ နှစ်ရှိတဲ့ ဒေးဗစ်မီလာကလည်း ဦးခေါင်းဒဏ်ရာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လိပ်ကျွန်းလို့ လူသိများတဲ့ ခိုတောင်ကျွန်းလူသတ်မှုဟာ ထိုင်းနိုင်ငံ စီးပွားရေးရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်စေခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပြီး သိပ်မကြာခင်မှာပဲ မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အဲဒီစီရင်ချက်ကို ထိုင်းနိုင်ငံ အယူခံတရားရုံးက အတည်ပြုခဲ့ပါတယ်။

ဗြိတိန်စုံတွဲနှစ်ဦး အသတ်ခံရတဲ့ဖြစ်ရပ်မှာ အမှုတည်ဆောက်မှုပုံစံ၊ သက်သေအထောက်အထားရယူမှုတွေနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ကို ပြည်တွင်း၊ ပြည်ပမှာ ဝေဖန်ခဲ့ကြပါတယ်။ ထိုင်းရဲတပ်ဖွဲ့က တင်ပြတဲ့ သက်သေအထောက်အထားတွေဟာ စိတ်ချယုံကြည်ရခြင်းမရှိသလို နိုင်ငံတကာမှာ လက်ခံထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့က ပြောခဲ့ဖူးပါတယ်။

Photo Credit-Reuters
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top