ONE Championship မြန်မာကစားသမား၏ ခရစ္စမတ် ဆုတောင်းစကား

AAA_8000.jpg

ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ်ယာန်ဘာသာဝင်များအတွက် အထွတ်အမြတ်နေ့ရက်တစ်ခုဖြစ်သည်။ အဆိုပါနေ့တွင် ယေရှုခရစ်တော် ဖွားမြင်ခဲ့ခြင်းဖြစ်ရာ ခရစ်ယာန်ဘာသာဝင်များက ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိသည်။ မိဘမဲ့ကလေးများကျောင်းသို့ သွားရောက် ကာ အစားအသောက်နှင့်အဝတ်အထည်များ လှူဒါန်းခြင်း၊ နွမ်းပါးသူများကို ထောက်ပံ့ခြင်း၊ ဘိုးဘွားရိပ်သာများသို့သွားရောက်ကာ အား ပေးနှစ်သိမ့်ခြင်းနှင့် လှူဒါန်းမှုများ ပြုလုပ်လေ့ရှိသည်။ ခရစ္စမတ်ကာလတွင် ရက်ရှည်ရုံးပိတ်ရက်ပေးသည့် နိုင်ငံများလည်းရှိပြီး ခရစ်တော် မွေးဖွားရာ ဒီဇင်ဘာ ၂၅ ရက်ကို တရားဝင်ရုံးပိတ်ရက် အဖြစ်သတ်မှတ်ပေးသည့် နိုင်ငံအများအပြားရှိသည်။ ဒီဇင်ဘာ ၂၅ ရက်သည် ခရစ် တော်၏ကျေးဇူးကို အောက်မေ့တသသောအားဖြင့် ခရစ်ယာန်ဘာသာဝင်များက ကောင်းမှုကုသိုလ်များပြုလုပ်ကြသလို သာယာလှပပြီး ပိုမိုငြိမ်းချမ်းသည့် ကမ္ဘာကြီးဖြစ်လာစေရေးအတွက် ဆုတောင်းမေတ္တာများ ပို့သလေ့ရှိသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စုစည်းတည်ထောင်ထားသော ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုအရလည်း အမျိုးမျိုးရှိသည်။ မတူကွဲပြားမှုများကို အကောင်း ဆုံးစုစည်းကာ ရှေ့ဆက်လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် အားကစားသမားများက ခရစ္စမတ်ကာလတွင် ဆုမွန်ကောင်းတောင်းများ တောင်းပေးခဲ့ကြသည်။

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန် က ခရစ္စမတ်အခါသမယတွင် မိသားစုအပေါင်းထံ သာယာပျော်ရွှင်မှုများ ရောက်ရှိလာပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့သည်။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် နောက်ဆုံးယှဉ် ပြိုင်ထားသောပွဲတွင် ONE ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင် အားကစားသမား Brandon “The Truth” Vera ကို ဒုတိယအချီ၌ ဒိုင်ပွဲရပ် အနိုင်ရထားပြီး အဆိုပါပွဲအပါအဝင် နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်ရထားသည်။ Hard Knocks 365 အသင်းသား ၎င်းသည် ဒီဇင်ဘာ ၂၅ ရက်က လူမှုကွန်ရက်တွင် ခရစ္စမတ်ဆုတောင်းစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

“သင်နှင့် သင့်မိသားစုအတွက် ပျော်ရွှင်စရာ Merry Christmas ပါ။ သင်နှင့် သင့်မိသားစု ကျန်းမာသန်စွမ်းပြီး ပျော်ရွှင်ကြည်နူးစရာတွေ ရရှိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အံ့အားသင့်စရာကောင်းတဲ့ မင်္ဂလာနှစ်သစ် ဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု ရေးသား ထားသည်။

အောင်လအန်ဆန်လိုပင် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည့် ဘိုဇီယာ အန်တိုနီယာကလည်း မြန်မာနိုင်ငံသားအားလုံး နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် လုပ်ကိုင်ဆောင်ရွက်သမျှ ဘုရားသခင် ကောင်းချီးပေးပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သသည်။ ကယန်း တိုင်းရင်းသူတစ်ဦးဖြစ်သည့် အန်တိုနီယာသည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အမျိုးသမီး ကိုယ်ခံပညာသိုင်းပေါင်းစုံးအားကစားသ မားလည်းဖြစ်သည်။ Bali MMA အသင်းသား အန်တိုနီယာသည် ONE Championship တွင် စုစုပေါင်း ၅ ပွဲယှဉ်ပြိုင်ထားရာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားသည်။

ကယားပြည်နယ်၊ လွိုင်ကော်ဇာတိ အန်တိုနီယာက “ပရိသတ်တွေကို Happy Christmas ပါလို့။ ခရစ္စမတ်မှာ ပျော်ရွှင်ကြပါစေ။ လိုအင် ဆန္ဒအားလုံးလည်း ပြည့်ဝကြပါစေ။ နှစ်သစ်ကိုလည်း စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။ လုပ်သမျှ ကိုင်သမျှအားလုံးကိုလည်း ဘု ရားသခင် ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ဆုမွန်ကောင်း တောင်းပေးခဲ့သည်။ ONE Warrior Series တွင် ယှဉ်ပြိုင် လျက်ရှိသည့် မွန်တိုင်းရင်းသား ပုညစိုင်းကလည်း ခရစ္စမတ်အခါသမယတွင် လူသားအားလုံး လုံခြုံစိတ်ချရမှုအပြည့်ရှိပါစေကြောင်း ဆု တောင်းမေတ္တာ ပို့သသည်။

ဖယ်သာဝိတ်တန်းတွင် ယှဉ်ပြိုင်လျက်ရှိသည့် “ဘူရှီးဒို” ဖိုးသော်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော်လည်း ခရစ္စမတ်အခါသမယတွင် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်မှစတင်ကာ ONE Championship တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ဖိုးသော်သည် ၈ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသည်။ Team PT အသင်းကို တည်ထောင်ထားသည့် ဖိုးသော်သည် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် အသင်းသားများ၊ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ မှော်ဘီသို့သွားရောက်ကာ ခရစ္စမတ်အလှူဒါန များ ပြုလုပ်ခဲ့သည်။

ထိုအကြောင်းကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်လည်း အသိပေးထားသည်။ ခရစ္စမတ်အခါသမယတွင် မြန်မာနိုင်ငံမှ မတူညီ သော လူမျိုးပေါင်းစုံသည် ခရစ်တော်၏ကျေးဇူးတရားကို နှလုံးသွင်းကာ အလှူဒါနများ ပြုလုပ်နေကြသည်က သာယာကြည်နူးစရာ ကောင်းသော မြင်ကွင်းပုံရိပ်များပင်ဖြစ်သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top