သမ္မတရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံတဲ့ ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ် ရှက်စရာကောင်းတယ်လို့ ဂျိုးဘိုင်ဒင် ပြော

11-11-2020-yyl-014.jpg

သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်တဲ့ ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်က ရှက်စရာကောင်းတယ်လို့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ဂျိုးဘိုင်ဒင်က ကိုယ်စားလှယ်မဲ ၂၇၉ မဲ ရရှိခဲ့တဲ့အတွက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီလို့ ကမ္ဘာ့ထိပ်တန်းမီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ မဲရေတွက်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ပြည်နယ်တစ်ခုချင်းစီအလိုက် မဲရလဒ်တွေကို အတည်မပြုနိုင်သေးပါဘူး။ ဒီဇင်ဘာလ ၁၄ ရက်ကျရင် ကိုယ်စားလှယ်မဲပေးတဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံချိန်ကျမှပဲ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုနိုင်မှာပါ။

ဒေါ်နယ်ထရမ့်ကတော့ သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရလိမ့်မယ်လို့ ပြောထားပါတယ်။ ဂျိုးဘိုင်ဒင်ကတော့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် မာကယ်၊ အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဖုန်းဆက်စကားပြောခဲ့ပြီး အာဏာလွှဲပြောင်းမှုကို ဘယ်အရာကမှ တားဆီးနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံတဲ့အပေါ် ဘယ်လိုသဘောရလဲလို့ သတင်းထောက်တစ်ယောက်က မေးမြန်းချိန်မှာ ဂျိုးဘိုင်ဒင်က ” တဲ့တိုး ပြောရရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါက သမ္မတတစ်ယောက် ချန်ရစ်ထားရမယ့်အရာမဟုတ်ဘူးလို့ ပြောရမှာပါ။
ဒါပေမဲ့ နောက်ဆုံးကျရင်တော့ ဇန်နဝါရီလ ၂၀ ရက် ( သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပမည့်နေ့)မှာ အစီအစဉ်တွေ အကောင်အထည်ပေါ်လာမှာပါ” လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

တရားဝင်မဲအားလုံး ရေတွက်ပြီးစီးရင် ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ ဒုတိယမြောက် အစိုးရအဖွဲ့ စတင်ဖွဲ့စည်းနိုင်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောပါတယ်။ ရီပတ်ဗလစ်ကန်ပါတီ အကြီးအကဲတွေကလည်း သမ္မတရွေးကောက်ပွဲမှာ အရှုံးမပေးသေးတဲ့ ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်ကို ထောက်ခံထားကြပါတယ်။

ဂျိုးဘိုင်ဒင် အနိုင်ရခဲ့တယ်ဆိုတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ နောက်ကျတဲ့မဲတွေကို ထည့်သွင်းရေတွက်နိုင်ဖို့အတွက် စာတိုက်မှူးကြီးက စာတိုက်ဝန်ထမ်းတွေကို စာအိတ်ပေါ်က ရက်စွဲတွေ ပြင်ရေးခိုင်းခဲ့တယ်လို့ စာတိုက်ဝန်ထမ်းတစ်ယောက်က စွပ်စွဲထားပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်ဖြစ်တဲ့ အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က တရားရေးဝန်ကြီးဌာနထံ ပို့တဲ့စာထဲမှာ စာတိုက်ဝန်ထမ်း ဟော့ကင်းရဲ့ ထွက်ဆိုချက်ကို ရေးသားထားပြီး ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမှုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

Ref: BBC ” Biden: Trump refusal to concede ‘an embarrassment'”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top