Tesla ကုမ္ပဏီရဲ့ လျှပ်စစ်ကားစက်ရုံကြီးကို ဘာလင်မြို့မှာ ဖွင့်လှစ်

23-2-2022-yyl02.jpg

Tesla ကုမ္ပဏီအတွက် ဥရောပအခြေစိုက် ပထမဆုံး လျှပ်စစ်ကား စက်ရုံကြီးကို ဂျာမနီနိုင်ငံ ဘာလင်မြို့အနီးမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဒေသခံအာဏာပိုင်အဖွဲ့ရဲ့ လိုင်စင်ချထားပေးမှု ပြဿနာကြောင့် ၈ လကြာ ကြန့်ကြာခဲ့ရတဲ့ အဲဒီစက်ရုံဟာ ယူရို ၅ ဘီလျံကျော် တန်ကြေးရှိပြီး မကြာသေးတဲ့ သမိုင်းကာလအတွင်း ဂျာမန်ကားစက်ရုံတစ်ခုမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။

အဲဒီစက်ရုံမှာ ဝန်ထမ်း ၁၂,၀၀၀ ခန့်အပ်ဖို့ လျာထားတဲ့အနက် ဝန်ထမ်း ၃၀၀၀ ကျော် ခန့်အပ်ပြီးပြီလို့ Tesla က ပြောပါတယ်။ ” စက်ရုံအတွက် နေ့ထူးနေ့မြတ်ပါပဲ။ ရေရှည်တည်မြဲတဲ့အနာဂတ်လမ်းကြောင်းအတွက် နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” လို့ အီလွန်မက်စ်က ပြောပါတယ်။ ဒီစက်ရုံဟာ တိုးတက်မှုလက္ခဏာတစ်ရပ်ဖြစ်ပြီး ကားလုပ်ငန်းရဲ့အနာဂတ်ဖြစ်တယ်လို့ ဂျာမန်အဓိပတိ အိုလက်ရှော့ဇ်က ဆိုပါတယ်။ဒါပေမဲ့ စက်ရုံအပြင်ဘက်မှာတော့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက စက်ရုံရဲ့ ရေအသုံးပြုမှုကအစ စက်ရုံဆောက်ဖို့ ခုတ်လဲခဲ့တဲ့ သစ်ပင်တွေအဆုံး စိုးရိမ်ပူပန်စရာကိစ္စအမျိုးမျိုးအတွက် ဆန္ဒပြခဲ့ကြပါတယ်။

Tesla ကုမ္ပဏီဟာ အင်္ဂါနေ့က ဂျာမန်နိုင်ငံထုတ် ပထမဆုံး Model Y Performance ကား အစီးရေ ၃၀ ကို ဈေးကွက်ထဲ ပို့ဆောင်ခဲ့ပါတယ်။ အဲဒီကားတွေဟာ မိုင် ၃၂၀ အကွာအဝေးအထိ မောင်းနှင်နိုင်စွမ်းရှိပြီး ယူရို ၆၃,၉၉၀ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ဂျာမန်အခြေစိုက် စက်ရုံကြီးကို အပြည့်အဝ လည်ပတ်နိုင်ပြီဆိုရင် တစ်နှစ်မှာ ကားအစီးရေ ၅၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီပမာဏဟာ ၂၀၂၁ ခုနှစ်အတွင်း ဂျာမန်ကုမ္ပဏီ Volkswagen က ကမ္ဘာတစ်ဝန်းမှာ ရောင်းချခဲ့တဲ့ ဘက်ထရီ-လျှပ်စစ်ကား အစီးရေ (၄၅၀,၀၀၀) ထက် ပိုများပါတယ်။ အဲဒီစက်ရုံဟာ တစ်နာရီကို ဘက်ထရီပါဝါ ၅၀ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ ဥရောပရဲ့လျှပ်စစ်ကားဈေးကွက်မှာ Volkswagen က ဦးဆောင်နေပြီး ဈေးကွက်ဝေစု ၂၅ ရာခိုင်နှုန်းအထိ ရယူထားပါတယ်။ Tesla ကတော့ ဥရောပမှာ ဈေးကွက်ဝေစု ၁၃ ရာခိုင်နှုန်းပဲ ရရှိထားပါတယ်။ Tesla ကုမ္ပဏီအနေနဲ့ လျှပ်စစ်ကားတွေ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ၂ နှစ်ကျော် အချိန်ယူရဦးမယ်လို့ အီလွန်မက်စ်က ဆိုပါတယ်။

Ref: BBC “Tesla: Elon Musk opens delayed ‘gigafactory’ in Berlin”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top