အုတ်ကျစ်ကျော်အေး မန္တလေးမှ လည်ပတ်စရာများ

01.jpg

အုတ်ကျစ်ကျော်အေး ဆိုတာ တကယ်တော့ မန္တလေးမြို့တည်နှစ် (သက္ကရာဇ်၁၂၂၁) ကို ရည်ညွှန်းထားတာပါ။ ခရစ်နှစ်က ၁၈၅၇ခုနှစ်။

/* ခရီးလမ်းကြောင်း */

ရန်ကုန်ကနေ မန္တလေးကို အမြန်လမ်းအတိုင်း သွားမယ်ဆိုရင် ၈နာရီပတ်လည်လောက် ကြာပါလိမ့်မယ်။ အချိန်အများကြီး မပေးချင်ရင်တော့ ပြည်တွင်းလေကြောင်းလိုင်းတွေ များများစားစားရှိပါတယ်။ MAI, Air KBZ, Yangon Airways,… စသည်ဖြင့်ပေါ့။ ကြာချိန်ကတော့ ၁နာရီ မိနစ်၂ဝပတ်လည်။ အချိန်ကုန် သက်သာပြီး သက်တောင့်သက်သာ ရှိပေမယ့် ခရီးစားရိတ်က တော်တော်လေး ကွာဟသွားတယ်။ ရထားနဲ့ သွားမယ်ဆိုရင် ၁၆နာရီနဲ့ ၁၈နာရီကြား ကြာတတ်တယ်လို့ သိရတယ်။ တစ်ခါမှတော့ ရထားနဲ့ မသွားဖူးသေးဘူး။

သည်တစ်ခေါက် မဟာမုနိရုပ်ရှင်တော်ကို ရောက်တဲ့အချိန်က ရုပ်ရှင်တော် မျက်နှာသစ်ချိန်နဲ့ သွားတိုက်တယ်။ မနက်၅နာရီလောက်ဆိုပေမယ့် အလင်းတောင် ကောင်းကောင်း မထွက်သေးဘူး။ ဘုရားဖူးတွေနဲ့ တော်တော်လေး စည်ကားနေပြီ။ ကျကျနနဘုရားရှိခိုးပြီး ရင်ပြင်ကို တစ်ပတ်ပတ်တာ လူတွေတန်းစီနေတာ မြင်တာနဲ့ ဘာမှန်းညာမှန်း မသိသေးဘူး… ဝင်တန်းစီမိပြီး ဖြစ်နေပြီ။ ကိုယ့်ရှေ့ကလူကို စနည်းနာကြည့်တော့ ရုပ်ရှင်တော်မြတ်ကို မျက်နှာသစ်တော်ရေ အနေနဲ့ အသုံးပြုထားတဲ့ အမွှေးနံ့သာအရည်တွေ ဝေနေမှန်း သိတော့တယ်။ ကိုယ့်မိတ်ဆွေတွေ သွားရင်လည်း လိုချင်ရင် ဝင်တန်းစီလို့ရကြောင်း ကြားဖြတ် သတင်းပါးလိုက်တယ်နော့်။ ပြီးတော့ မန်းမြို့တော်ကဖေးမှာ မန္တလေးမုန့်တီလေးဘာလေး ဝင်စားပေါ့။

/* သွားဖြစ်တဲ့နေရာလေးတွေ */

မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်

တောင်သမန်အင်းနဲ့ ဦးပိန်တံတား

မြနန်းစံကျော်ရွှေနန်းတော်

ဆန်းပြားလှတဲ့ ရုပ်ကြွပန်းပုလက်ရာများနှင့် ရွှေကျောင်း

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စားရင်ဝင် ကုသိုလ်တော်ဘုရား

မန္တလေးကျောက်စိမ်းဘုရား

/* ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး */

စာအုပ်ကြီးလို့ ဆိုကတည်းက ပျင်းစရာကောင်းတယ်လို့ ထင်ကောင်းထင်သွားကြပါလိမ့်မယ်။ ဒါပေမယ့် ကောက်ချက်ချ မစောပါနဲ့အုံးလေ။ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ဝင်ဖို့ဆိုတာ တော်ရုံတန်ရုံ ဇာတ်ကြောင်း ခိုင်မာရုံလောက်နဲ့ မရဘူးဆိုတာ ရိပ်မိကြမှပါ။ ပြီးတော့ မင်းကွန်းဆရာတော်ဘုရား၊ မင်းတုန်းမင်းကြီး၊ ပဥ္စမသင်္ဂါယနာတင်ပွဲ၊ ကမ္ဘာ့အကြီးဆုံစာအုပ် ဒါတွေရဲ့ ဆက်စပ်မှုက ဗုဒ္ဓဘာသာဝင်တွေအတွက် မှတ်ကိုမှတ်သားထားသင့်တဲ့ အချက်အလက်တွေ မဟုတ်ပါလော။ စေတီရဲ့ နောက်ထပ်ဘွဲ့တော်က ပဥ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ တဲ့။ ကုသိုလ်တော်စေတီကို စမြင်ရတာက အုတ်တံတိုင်းဖြူတွေရဲ့ အနောက်မှာရှိတဲ့ ထုံးဖြူဖြူစေတီအတန်းလိုက်ကြီး။ ပြီးတော့မှ ဆေး ဝါ၊ နီ၊ စိမ်း တွေနဲ့ ချယ်သထားတဲ့ မုခ်ပြသာဒ်တံခါးပေါက်တွေ။ အလယ်မှာ ရွှေရောင်တဝင်းဝင်းနဲ့ စေတီတစ်ဆူရှိပြီး အဲ့သည့်စေတီကို ထုံးသင်္ဃန်းကပ်ထားတဲ့ စေတီငယ်ပေါင်း မြောက်များစွာနဲ့ လေးဘက်လေးတန်ကနေ စတုရန်းသဏ္ဍာန် ဝန်းရံထားပုံ တည်ထားတယ်။

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးရဲ့ စာမျက်နှာတွေကို ထုံးဖြူဖြူစေတီငယ်တွေထဲမှာ တစ်ရွက်ချင်းစီ ဌာပနာထည့်ထားတယ်။ စာရွက်အသားက ထူထဲလှတဲ့ စကျင်ကျောက်သားအတိပေါ့။ စကျင်ကျောက်သားပေါ်မှာ ဗုဒ္ဓစာပေတွေကို ညီညလှပစွာ ကျောက်ထပ်အက္ခရာ တင်ထားပုံကို သံတိုင်တွေကြားကနေ အသေးစိတ် လေ့လာကြည့်ရှုနိုင်တယ်။ ကျောက်စာတွေ မပျောက်ပျက်အောင်၊ မပျက်စီးအောင် သံတိုင်းတွေနဲ့ ကာရံပြီး ထိန်းသိမ်းထားရတာကိုး။ ကျောက်စာချပ် စုစုပေါင်း ၇၃ဝချပ်ရှိတယ်။ ပိုပြီး အသေးစိတ် ခွဲခြမ်းပြရမယ်ဆိုရင် ဝိနည်းကျောက်စာ ၁၁၁ချပ်၊ အဘိဓမ္မာကျောက်စာ ၂၀၈ချပ်၊ သုတ္တန်ကျောက်စာ ၄၁ဝချပ် နဲ့ မင်းတုန်းမင်းရဲ့ ကုသိုလ်တော်စာရင်းကျောက်စာက ၁ချပ် စီ ဖြစ်တယ်။ ကျောက်ချပ်တစ်ချပ်ချင်းစီမှာရော၊ ထုံးစေတီငယ် တစ်ဆူချင်းစီမှာရော နံပါတ်စဉ်တွေ တပ်ထားတော့ မရောတော့ဘူးပေါ့။ သမိုင်းကြောင်း၊ ဗိသုကာတွေ လေ့လာရုံတင် မကဘူး၊ ဓာတ်ပုံလှလှလေးရိုက်ရင်လည်း ပုံထွက်သိပ်ကောင်းပါတယ်လို့။

/* သမိုင်းတန်းဖိုး သိပ်ကိုကြီးမားတဲ့ ရွှေကျောင်း */

တည်နေရာက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်မှာပါ။ ရွှေကျောင်းအရှေ့မှာ ဗုဒ္ဓတက္ကလိုလ်ကြီး တစ်ခုရှိတယ်။ သမိုင်းကြောင်းကို ပြန်လိုက်ရမယ်ဆိုရင် မြနန်းစံကျောင်ရွှေနန်းတော်ဝန်းထဲက မှန်နန်းဆောင်ရဲ့ မြောက်ဘက်အရပ်မှာ နန်းဆောင်တစ်ဆောင် ရှိခဲ့တယ်။ မင်းတုန်းမင်း စံမြန်းရာအဆောင်ဆိုလည်း မမှားဘူး။ ၁-၁၀-၁၈၇၈မှာ မင်းတုန်းမင်းကြီး နတ်ရွာစံတော့ နောက်တက်တဲ့မင်း ဖြစ်တဲ့ သီပေါမင်းက ဖခင်မင်းတုန်းမင်း နတ်ရွာစံခဲ့တဲ့ နန်းဆောင်ရယ်၊ စနုဆောင်ရယ်ကို ၁၃ရက်နေ့မှာ ဖြုတ်သိမ်းလိုက်တယ်။ ၃၁-၁၀-၁၈၈၃ခုရောက်မှ အခုရွှေကျောင်း ရှိနေတဲ့နေရာမှာ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့တယ်။ ၁၉ရာစု ကုန်းဘောင်ခေတ်က မြန်မာမှုဗိသုကာလက်ရာတွေကို အစွမ်းကုန် အသုံးပြုထားပြီး ထိုခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့တယ်။ နန်းတော်ကနေ လာတဲ့ကျောင်းမို့လို့ ရွှေနန်းတော်ကျောင်းလို့ နာမည်ပေးပေမယ့် ကျောင်းတော်အတွင်းအပြင်တစ်ခုလုံးကို ရွှေပိန်းချထားတဲ့အတွက် ရွှေကျောင်းလို့ လူသိများလာတယ်။

ရွှေကျောင်းတစ်ခုလုံး အတွင်းအပြင် နေရာလပ်မကျန် ဗိသုကာပညာရပ်ကို အခမ်းနားဆုံး အသုံးပြုထားတယ်။ ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ထွင်းရုပ်ကြွတွေနဲ့ ကိန်းကြီးခမ်းကြီး နိုင်လှတယ်။ က်ိုယ်အတွက် တအံ့တဩအဖြစ်ရဆုံးကတော့ ကျောင်းထဲက ကွန်းစင်တိုင်ခြေမှာ ထွင်းထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ရုပ်ကြွတွေပဲ။ တိုင်ခြေတစ်ခုစီမှာ ဇာတ်တစ်ခုစီ ထွင်းထားတာ။ ဘယ်လိုမြင်အောင်ပြောရမလဲဆိုရင် ဝေဿန္တရာဇာတ်တော် ရုပ်လုံးရုပ်ကြွမှာဆိုရင် –

  • ပုဏ္ဏားတို့က ဝေဿန္တရာမင်းကြီးထံမှာ မင်္ဂလာဆင်ဖြူ အလှူခံဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက်ကပုံ)
  • ဝေဿန္တရာမင်းကြီးက ပုဏ္ဏားတွေကို မင်္ဂလာဆင်ဖြူတော် အလှူပေးလိုက်လို့ ပုဏ္ဏားတွေပျော်ပြီး ဆင်စီးသွားဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက် ဒုတိယမြောက်ပုံ)
  • မင်္ဂလာဆင်ဖြူလှူလိုက်လို့ တိုင်းသူပြည်သားတွေ မကျေမနပ်ဖြစ်တဲ့အတွက် မင်းကြီးက မိဖုရားနဲ့ သားသမီးကို မြင်းရထားပေါ်တင်ပြီး တောသို့ထွက်ဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ဘယ်ဘယ်ပုံ)
  • တောထဲမှာ အစာရှာထွက်တဲ့ မိဖုရားကို နတ်သားသုံးပါးက ခြင်္သေ့၊ ကျား၊ ကျားသစ်အသွင် ဖန်တီးပြီး အိမ်အပြန်နောက်ကျအောင် ဟန့်တားဟန်၊ (ဒုတိယအတန်း ညာဘက်ကပုံ)
  • သားနဲ့သမီးကို အခိုင်းအစေအဖြစ် အလှူလာခံတဲ့ ပုဏ္ဏားကို ကြေကွဲစွာ လှူဒါန်းလိုက်ဟန်၊ (ဒုတိယအတန်း ဘယ်ဘက်ကပုံ)

စတဲ့ ဘုရားလောင်းတို့ ကျင့်ကြံရတဲ့ စွန့်ခြင်းငါးပါးထဲက သား၊ သမီးရတနာကို စွန့်ခြင်း ပါရီမီဖြည့်ကျင့်ပုံကို ထွင်းထုထားတာကို တွေ့နိုင်ပါတယ်။

/* သတိပြုစရာလေးတွေ */

ယဉ်ကျေးမှုနယ်မြေဖြစ်လို့ အချို့နေရာ တော်တော်များများ အတို၊ အပြတ်တွေ နဲ့ ဝတ်ရောက်ခွင့် ပိတ်ထားတတ်ပါတယ်။ ဝတ်ချင်သပဆိုရင်၊ ဝင်လဲဝင်ကြည့်ချင်သပဆိုရင် ခါးကနေပတ်ပြီး ဝတ်လို့ရတဲ့ ပိတ်စမျိုးလေးတစ်စလောက်တော့ ဆောင်ထားသင့်ပါတယ်။ မြင့်မြင့်ခင်ထုံးမုန့်ဆိုင်တွေမှာ လူအင်မတန်ကျတဲ့အတွက် ခါးပိုက်နှိုက် သတိထားဖို့ စာတွေ ကပ်ထားတာ တွေ့နိုင်ပါတယ်။ ကားကော၊ ဆိုင်ကယ်ပါ များတဲ့အတွက် လမ်းကူးရင် သတိထားပြီး ကူးကြပါလို့။ တောင်တမန်အင်းဘက်မှာ အမှိုက်ချခြင်း သည်းခံပါလေ။

Chan Myae Ei (ရိုးရာလေး)
#travellerchan

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top