စာသင်ခန်းဆောက်ဖို့ ဒေါ်လာ ၂၀၀၀၀ စုဆောင်းပေးခဲ့ကြတဲ့ မူလတန်းကျောင်းသားများ

53737193_446138929463408_2374382419445809152_n.jpg

ဝါရှင်တန်မြို့က မူလတန်းကျောင်းသားတစ်စုဟာ ကလေးတွေအားလုံး ဘယ်လိုအခြေအနေမျိုးကို ရောက်နေပါစေ ကျောင်းတက်နိုင်ပြီး ဆင်းရဲခြင်းကိုအဆုံးသတ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါကြောင့်ပဲ သူတို့က ကန်ညာနိုင်ငံမှာနေထိုင်တဲ့ ကျောင်းသားတွေအတွက် အခုလိုငွေစုဆောင်းခဲ့ပေးခဲ့ကြတာပါ။

လေ့ချ်ဗာကီး (Leah Varkey) ဟာ အသက် (၁၀) နှစ်အရွယ် လေးတန်းကျောင်းသူတစ်ဦးဖြစ်ပြီး သူ(မ) မိသားစုနဲ့ သူငယ်ချင်းတွေကို ငွေလှူဒါန်းဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဘုရားကျောင်းကိုလည်း ငွေစုပြီးလှူဒါန်းပေးဖို့ စာရေးခဲ့ပြီး သူ(မ)ကိုယ်တိုင်လည်း ဒေါ်လာ ၁၅၀၀ ကျော် စုဆောင်းခဲ့ပါတယ်။ သူ(မ) ဟာ သူ(မ) ထက် အသက်ငယ်တဲ့ကလေးတွေကို ပိုကောင်းတဲ့အနာဂတ်ရှိစေချင်သူလေးပါ။

‘ကန်ညာနိုင်ငံမှာရှိတဲ့ ကလေးတွေဟာ အိမ်အလုပ်တွေ ဝိုင်းလုပ်ရတာကြောင့် ကျောင်းမသွားနိုင်ကြပါဘူး။ သူတို့ဟာ ကျေးလက်မှာနေရတာမို့ အနီးအနားမှာ ကျောင်းလည်း မရှိပါဘူး၊ ကလေးတွေရဲ့ဆင်းရဲခြင်းကို အဆုံးသတ်နိုင်ဖို့အတွက် ပညာရေးကလိုအပ်ပါတယ်’ လို့ လေ့ချ်က ပြောပါတယ်။

ကျောင်းခုနှစ်ကျောင်းကလည်း ဒီပညာရေးဝန်ဆောင်မှုပရောဂျက်အတွက် ဒေါ်လာ ၁၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။ ကျောင်းသားတွေဟာ ပြည်တွင်းနဲ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အခက်အခဲတွေကို သင်ယူခဲ့ကြပြီး ကန်ညာနိုင်ငံမှာ ဆုံးရှုံးနေတဲ့ပညာရေးကို ပြန်လည်ရယူနိုင်အောင် စာသန်းခန်းတွေ ဆောက်ရာမှာ ကူညီပေးဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ကျောင်းတွေကလည်း စာသင်ခန်းတွေ ဆောက်ပေးပြီး ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်ကြားပေးတဲ့ WE အမည်ရအဖွဲ့အစည်းကို ငွေတွေလှူဒါန်းပေးခဲ့ကြပါတယ်။

ကျောင်းသားတွေဟာ (၁၃) ရက်အတွင်းမှာ စာသင်ခန်းနှစ်ခန်းဆောက်ဖို့အတွက် လုံလောက်တဲ့ ဒေါ်လာ (၂၀,၅၈၄) ကို စုဆောင်းမိခဲ့ပါတယ်။ ဂျက်အန်ဒရူးဆိုတဲ့ အသက် (၁၁) နှစ်အရွယ် ကျောင်းသားတစ်ဦးဟာလည်း ဒေါ်လာ (၂,၁၀၀) ကို စုဆောင်းပေးခဲ့ပါတယ်။ အီဒန်အိုလင်း (Aiden Oehling) အမည်ရ ကျောင်းသားတစ်ဦးကလည်း လက်ကမ်းကြော်ငြာဝေတာ၊ အီးမေးလ်ပို့တာတွေ၊ လူမှုအဖွဲ့အစည်းတွေဆီကို ဖုန်းခေါ်ဆိုတာတွေ ပြုလုပ်ပြီး ကူညီပေးခဲ့ပါတယ်။

အခုလိုမျိုး ကျောင်းသူကျောင်းသားလေးတွေစုပေါင်းပြီး ဒီလိုစုဆောင်းလှူဒါန်းမှုပြုလုပ်ခဲ့တာဟာ အလွန်ဂုဏ်ယူစရာကောင်းပြီး အတုယူစရာလည်း ကောင်းလှပါတယ်။

Ref: www.edition.cnn.com ” These elementary students raised over $20,000 to build classrooms in Kenya”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply