ရော်နယ်ဒိုရဲ့ဟက်ထရစ်ဂိုးနဲ့ ဂျူဗင်တပ် ကွာတားဖိုင်နယ် တက်ရောက်၊ မက်ဆီရဲ့စံချိန်နဲ့ တူညီခဲ့တဲ့ ရော်နယ်ဒို

အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ရော်နယ်ဒိုရဲ့ဟက်ထရစ်ဂိုးကြောင့် ဂျူဗင်တပ်အသင်း (၃) ဂိုးပြတ် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၃-၂) ဂိုးနဲ့ ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။

ပွဲချိန် (၄) မိနစ်မှာကတည်းက ချီလီနီရဲ့ အနီးကပ်ပိတ်သွင်းမှု ဂိုးဝင်ခဲ့ပေမဲ့ ရော်နယ်ဒိုက ဂိုးသမား ဂျန်အိုဘလက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ပါဘူး။ ပွဲချိန် (၂၇) မိနစ်မှာ ဘယ်တောင်ပံကနေ ဘာနာဒက်ချီ အထဲချိုးပြီး အဝေးတိုင်ဘက် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းခဲ့တာပါ။ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရင်နှစ်တွေကလောက် ဂိုးမမြူးခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီနေ့ပွဲမှာ ရလာတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။

အဝေးဂိုးပေးရရင် နောက်တစ်ဆင့်တက်ဖို့ အရမ်းခက်ခဲမယ်ဆိုတာ ကြိုတွက်ထားတဲ့ ဂျူဗင်တပ်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြိုင်ဘက်ကို တိုက်စစ်ဆင် ဖိအားပေးဖို့ ကြိုးစားသွားခဲ့ပါတယ်။ အဲဒါကြောင့် ပထမပိုင်းမှာ အက်သလက်တီကိုအသင်း ဂိုးသွင်းခွင့်တစ်ကြိမ်ပဲရခဲ့ပြီး မိုရာတာရဲ့ကန်ချက် ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။

ပွဲချိန် (၄၉) မိနစ်မှာ ကန်ဆယ်လိုရဲ့ ညာတောင်ပံဖြတ်တင်ဘောကို အက်သလက်တီကို နောက်ခံလူ နှစ်ယောက်ကြားကနေ ရော်နယ်ဒို ခေါင်းတိုက်ခဲ့ရာမှာ ဂျန်အိုဘလက် ပုတ်ထုတ်နိုင်ခဲ့ပေမဲ့ သူ ပုတ်ထုတ်ချိန်မှာ ဘောလုံးက ဂိုးစည်းကျော်နေလို့ ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဂျူဗင်တပ်က ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး အက်သလက်တီကိုအသင်း အခွင့်အရေးလုံးဝမရခဲ့ပါဘူး။ ပွဲချိန် (၈၂) မိနစ်မှာ လူစားဝင် ကစားသမား မွိုက်စ်ကိန်း ဂိုးသမား ဂျန်အိုဘလက်နဲ့ တစ်ဦးချင်းကန်ခွင့်ရခဲ့ပေမဲ့ သူ့ကန်ချက် လွဲချော်ခဲ့ပါတယ်။

ပွဲချိန် (၈၄) မိနစ်မှာ ဘယ်တောင်ပံကနေ ဘာနာဒက်ချီ
ဂိုးဧရိယာထဲ ဆွဲဝင်လာရာမှာ ကော်ရီယာက ခြေချိတ်သလိုဖြစ်ခဲ့လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ပင်နယ်တီကို ရော်နယ်ဒိုက ကန်သွင်းပြီး ဂျူဗင်တပ်အတွက် ပွဲသိမ်းဂိုး သွင်းခဲ့တာပါ။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် (၈) ကြိမ်သွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ်အများဆုံး သွင်းယူနိုင်သူစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မက်ဆီနဲ့ တူညီသွားခဲ့ပါပြီ။

မန်စီးတီးနဲ့ ရှော်လ်ကေးတို့ပွဲစဉ်မှာတော့ မန်စီးတီးက (၇) ဂိုးပြတ်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၁၀-၂) ဂိုးနဲ့ ကွာတားဖိုင်နယ် တက်လှမ်းသွားခဲ့ပါတယ်။ မန်စီးတီးအတွက် အဂူရိုက (၂) ဂိုး၊ စတာလင်၊ ဆာနေး၊ ဘာနာဒိုဆေးလ်ဗား၊ ဖိုဒင်၊ ဂါဘရီယယ်ဂျီးဆပ်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top