အကောင်းပကတိအတိုင်းရှိနေတဲ့ ဒိုင်နိုဆောသန္ဓေသား ကျောက်ဖြစ်ရုပ်ကြွင်းကို တရုတ်နိုင်ငံမှာ တွေ့ရှိ

22.12.2021yyl2.jpg

ကြက်တစ်ကောင်လို ဥခွံထဲကနေ ပေါက်လုဆဲဆဲဖြစ်နေပြီး အကောင်းပကတိအတိုင်း ရှိနေသေးတဲ့ ဒိုင်နိုဆောသန္ဓေသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ဂန်ကျိုးမြို့မှာ ဒိုင်နိုဆောသန္ဓေသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိခဲ့တာဖြစ်ပြီး အနည်းဆုံး နှစ်သက်တမ်း ၆၆ သန်းရှိပြီလို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။ သန္ဓေသားဟာ သွားမပါတဲ့ ဒိုင်နိုဆောမျိုးစိတ် ( oviraptorosaur) ဖြစ်မယ်လို့ ယုံကြည်ထားကြပြီး ရင်လျံလို့ အမည်ပေးထားပါတယ်။

ဒါဟာ သမိုင်းတစ်လျှောက် တွေ့ရတဲ့ ဒိုင်နိုဆောသန္ဓေသားတွေထဲမှာ အကောင်းပကတိအဖြစ်ဆုံး တွေ့ရှိမှုလို့ သုတေသီ ဒေါက်တာ ဝေဆန်းမာက ပြောပါတယ်။ အခုတွေ့ရှိမှုကြောင့် ဒိုင်နိုဆောတွေနဲ့ မျက်မှောက်ခေတ် ငှက်တွေကြားက ဆက်နွှယ်မှုကို သုတေသီတွေ ပိုနားလည်လာကြပါတယ်။ ဒိုင်နိုဆောသန္ဓေသားလောင်းဟာ ဥခွံကနေ ပေါက်လုဆဲဆဲအချိန် ငှက်သန္ဓေသားတွေရဲ့ ကိုယ်နေဟန်ထားအတိုင်း ဖြစ်နေတာတွေ့ရပါတယ်။

” မျက်မှောက်ခေတ် ငှက်တွေမှာ မြင်ရတဲ့ အဲဒီအပြုအမူဟာ ဒိုင်နိုဆောတွေဆီကနေ အစပြုဆင်းသက်ပြီး ဆင့်ကဲပြောင်းလဲလာတာလို့ ညွှန်းဆိုနေပါတယ်”ဟု ဒေါက်တာဝေဆန်းမာက ဆိုပါတယ်။ Oviraptorosaur တွေဟာ အမွေးပါတဲ့ ဒိုင်နိုဆောတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀ ကနေ နှစ်သန်း ၆၀ ကြားကာလအတွင်း အာရှတိုက်နဲ့ မြောက်အမေရိကတိုက် နေရာတွေမှာ ကျက်စားခဲ့ကြတာပါ။

ဒိုင်နိုဆောသန္ဓေသားလောင်း ရင်လျံဟာ ခေါင်းကနေ အမြီးအထိ အလျား ၁၀.၆ လက်မ ရှည်လျားပြီး တရုတ်နိုင်ငံ ရင်လျံကျောက်သမိုင်းပြတိုက်ထဲက ၆.၇ လက်မရှိတဲ့ ဥခွံထဲမှာ ခွေလျက်သား ရှိနေတာပါ။ အဲဒီဥကို ၂၀၀၀ ခုနှစ်မှာ စတင်တူးဖော်တွေ့ရှိခဲ့တာဖြစ်ပေမဲ့ ပြတိုက်မှာ ၁၀ နှစ်ကြာ သိမ်းဆည်းထားခဲ့တာပါ။ ပြတိုက်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဖို့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သီးသန့်ခွဲခြားချိန်မှာ သုတေသီတွေက အဲဒီဥကို သတိထားမိသွားပြီး အထဲမှာ သန္ဓေသားလောင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြတာပါ။

ဒိုင်နိုဆောရဲ့ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကို ကျောက်သားက ဖုံးလွှမ်းထားပါတယ်။ သုတေသီတွေက ထိပ်တန်းပုံရိပ်ဖမ်းနည်းစနစ်တွေကို အသုံးပြုပြီး ဒိုင်နိုဆောရဲ့ ဦးခေါင်းခွံတစ်ခုလုံးကို ပုံဖော်သွားဖို့ ရှိနေပါတယ်။

Ref: BBC “Perfectly preserved dinosaur embryo found in China”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top