ရခိုင်ကမ်းရိုးတန်းအနီးကို ချဉ်းကပ်လာနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း

27-7-2020-yyl-025.jpg

ဘင်္ဂလားပင်လယ်အော်ထဲက အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဟာ ယနေ့နေ့လည်ပိုင်းမှစတင်ပြီး ရခိုင်ကမ်းရိုးတန်းအနီးသို့ ချဉ်းကပ်လာနိုင်ဖွယ်ရာရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဒီဒေသတစ်ဝိုက်မှာ လေဒဏ်နဲ့ လှိုင်းဒဏ်ကို အဖျားခတ်ခံရနိုင်တယ်လို့ ဦးထွန်းလွင်က သတိပေးထားပါတယ်။

လေတိုက်နှုန်းတွေက တစ်နာရီကို မိုင် ၄၀ မှ ၅၀ အကြား၊ ကမ်းလွန်ပင်လယ်ပြင်မှာတော့ ရေလှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေ ရှိလာနိုင်ပေမယ့် မုန်တိုင်းဒီရေကတော့ တက်မလာနိုင်ဘူးလို့ ဆိုထားပါတယ်။

အပူပိုင်းမုန်တိုင်းဟာ ဒီနေ့ညနေပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဘက် ကမ်းခြေ ကော့ဗဇားမြို့အနီးမှာ ဖြတ်ကျော်လိမ့်မှာဖြစ်ပြီး ကမ်းမဖြတ်မီအချိန်မှာ အားအကောင်းဆုံးဖြစ်နေမှာပါ။ မုန်တိုင်းဗဟိုချက်ကတော့ မောင်တောမြို့နဲ့ နီးကပ်လျက်ရှိနေပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီဌာနကတော့ လိမ္မော်ရောင်အဆင့်ရှိတဲ့ ဒီမုန်တိုင်း(မိုရာ)ဟာ နောက် ၂၄ ပိုမိုအားကောင်းလာနိုင်တယ်လို့ ထုတ်ပြန်ထားပြီး မုန်တိုင်းအရှိန်ကြောင့် ရေကြီးတာ၊ ရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်ပွားနိုင်တဲ့အတွက် ကုန်းမြှင့်ဒေသများနေထိုင်သူတွေနဲ့ လေကြောင်း၊ ရေကြောင်းကို အသုံးပြုသွားလာနေသူများကိုပါ သတိပြုရှောင်ရှားနိုင်ဖို့ တိုက်တွန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်က Nok Air လေကြောင်းလိုင်းရဲ့ ဘန်ကောက်-ရန်ကုန် ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်ကို အချိန် တစ်နာရီခန့် နောက်ဆုတ်ခဲ့ရပြီး ရန်ကုန်လေဆိပ်မှာ ဆင်းသက်ဖို့အတွက်လည်း လေယာဉ်ပြေးလမ်း မမြင်ရတာကြောင့် ပုံမှန်ထက် အချိန်ပိုယူရတယ်လို့ ခရီးသွားတစ်ချို့က ဆိုပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top