နော်ဝေးနိုင်ငံတွင် ကျင်းပမယ့် လူငယ်ဖိုရမ်ကို မြန်မာနိုင်ငံရှိ လူငယ်နှစ်ဦးတက်ခွင့်ရ

တယ်လီနောလုပ်ငန်းစုနဲ့ နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ ပူးပေါင်းစီစဉ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ တယ်လီနောလူငယ်ဖိုရမ် (TYF) ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

တယ်လီနောလုပ်ငန်းလည်ပတ်ရာ နိုင်ငံအသီးသီးကနေ ရွေးချယ်ခံရတဲ့ လူငယ်တွေအနေနဲ့ အဆိုပါ TYF အစီအစဉ် တစ်လျှောက်လုံးမှာ သတ်မှတ်အဖွဲ့ငယ်တွေမှာပါဝင်ပြီး အခြားရွေးချယ်ခံရသူတွေနဲ့အတူ ပျှမ်းမျှ တစ်ပတ်ကို ၂ နာရီ ဝန်းကျင်လောက် အွန်လိုင်းကတဆင့် လူမှုရေးစိန်ခေါ်မှုတွေအတွက် ဖြေရှင်းပေးနိုင်မယ့် ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အဖွဲ့လိုက် ပူးပေါင်းအဖြေရှာ ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လျှောက်ထားသူ စုစုပေါင်း အယောက် ၂၀၀ လောက်ရှိခဲ့တဲ့အထဲကမှ ၂၀ ဦးကို ဆန်ကာတင် ရွေးချယ်ခဲ့ပြီး ဩဂုတ်လ ၃ဝနဲ့ ၃၁ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ လေ့ကျင့်ရေး အလုပ်ရုံဆွေးနွေးပွဲအပြီးမှာတော့ ကိုသီဟဇော်နဲ့ မနန်းယဉ်ယဉ်ဝင်းနွယ်တို့ ၂ ဦးကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကိုသီဟဇော်က မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာ လုပ်ငန်းတွေမှာ ၉ နှစ် အတွေ့အကြုံရှိခဲ့သူ ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ၊ ရောင်းချရေး ဆိုင်ရာနဲ့ ဈေးကွက်ချဲ့ထွင်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အတွေ့အကြုံရှိသူတစ်ဦးပါ။ လူ့အခွင့်အရေး၊ မတရားမှုတွေနဲ့ ပတ်သက်လာရင် ပွင့်လင်းစွာ ပြောဆိုလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် မနန်းယဉ်ယဉ်ဝင်းနွယ်ကတော့ နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ရရှိထားသူဖြစ်ပြီး ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေမှာ အတွေ့အကြုံရှိသူဖြစ်ပါတယ်။ နန်း ဟာ မြန်မာနိုင်ငံပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်လိုစိတ် ပြင်းထန်တဲ့သူတစ်ဦးပါ။

ယခုနှစ် တယ်လီနော လူငယ်ဖိုရမ်ရဲ့ ခေါင်းစဉ်က လူငယ်တွေရဲ့ အတွေးအခေါ်တွေကို အခြေခံပြီး လူသားချင်း မညီမျှမှုများ လျော့ချရေး၊ လူမှုရေးရာ စိန်ခေါ်မှုများကို တိုက်ဖျက်ခြင်းနဲ့ ကမ္ဘာပေါ်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေးဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ပေါ်ထွန်းလာနိုင်ဖို့အတွက် လူငယ်တွေကို ပံ့ပိုးပေးလိုရင်းပဲ ဖြစ်ပါတယ်။

တယ်လီနောလူငယ်ဖိုရမ် တစ်ခုပြီးဆုံးသည့်အခါတိုင်းမှာ အနိုင်ရရှိတဲ့အဖွဲ့ကို ရွေးချယ်သွားမှာ ဖြစ်ပြီး ၎င်းတို့ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့ နော်ဝေးနိုင်ငံသုံး ငွေကြေး ခရိုနာ ၁ သိန်း (ကန်ဒေါ်လာ ၁၅,၀၀၀) ကို ရင်းနှီးမတည်ငွေအဖြစ် တယ်လီနောက ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။့

Cherry
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top