FA တွေ Single တွေ အတွက် သတင်းကောင်း

42238047_1383463971785345_2549844490756030464_n.jpg

Facebook ဟာ “ဖူးစာရှာ” ဝန်ဆောင်မှု (Dating service) ကို ကိုလမ်ဘီယာ (Colombia) နိုင်ငံမှာ စတင် စမ်းသပ် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ယခုနှစ် မေလ ကတည်းက တရားဝင် ကြေငြာခဲ့ပြီး အခုအခါမှာတော့ အခြားနိုင်ငံတွေမှာပါ မကြာခင် သုံးစွဲခွင့် ရတော့မယ်လို့ ပြောပါတယ်။ ကိုလမ်ဘီယာက အသက် ၁၈ နှစ် ကျော်လွန်သူများဟာ ဖူးစာရှာရန် ကိုယ်ရေးအချက်အလက်တွေ ဖြည့်ပြီး မိမိနဲ့ သင့်တော်မယ့် အဖော်မွန်ကို အခု ရှာဖွေနိုင်နေပါပြီ။ WIRED (မူရင်းသတင်းပေ့ခ်ျ) က ဒီဝန်ဆောင်မှုကို လေ့လာခွင့်ရခဲ့ပြီး အသုံးပြုသူတွေဟာ ရေရှည် အဆင်ပြေနိုင်မယ့် အဖော်မွန်တွေကိုသာ ရွေးချယ်လိုစိတ်ရှိနေကြောင်း တွေ့ခဲ့ရပါတယ်။

“ဖူးစာရှာ” ဝန်ဆောင်မှု ဈေးကွက်ကို Facebook ဝင်ရောက်လာတာက တင်ဒါ (Tinder) တို့ ဘန်ဘယ် (Bumble) တို့ထက်တော့ နှစ်များစွာ နောက်ကျနေပါတယ်။ ဒါပေမဲ့ လူတိုင်းနီးပါး Facebook အကောင့် ရှိနေတာရယ်၊ နောက်ထပ် Application အသစ် ထပ်ထည့်စရာ မလိုတာရယ်က Facebook ရဲ့ အားသာချက်တွေ ဖြစ်ပါတယ်။ US မှာဆိုရင် တစ်ကိုယ်တည်းသမားတွေဟာ Facebook ကို သိပ်သုံးလေ့ မရှိဘူးလို့ ဆိုတာကြောင့် ဒီ ဝန်ဆောင်မှုဟာ သူတို့ကို ပြန်လည်ဆွဲဆောင်စေလိမ့်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ က Facebook ရဲ့ ကြေညာချက်အရ သင်ဟာ Facebook ကိုယ်ရေးအချက်အလက်နဲ့ မတူတဲ့ ဖူးစာရှာရန် ကိုယ်ရေးအချက်အလက်တွေကို ထပ်မံ ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ အသက်အရွယ်၊ နာမည်၊ နေရပ်၊ လိင်အမျိုးအစား၊ စိတ်ဝင်စားတဲ့ လိင်အမျိုးအစား (ကျား/မ/လိင်တူ စသည်)၊ အရပ်အမောင်း၊ ကိုးကွယ်သည့်ဘာသာ၊ လုပ်ကိုင်သည့် အလုပ်၊ တက်ခဲ့တဲ့ကျောင်း စသဖြင့် ပြည့်ပြည့်စုံစုံ ဖြည့်ရမှာ ဖြစ်ပါတယ်။ Facebook က သင်နဲ့ ယှဉ်တွဲဖို့ အဆင်ပြေနိုင်မယ့် (သူငယ်ချင်း ဖြစ်နေတဲ့ သူလည်း မဟုတ်၊ Block ထားတဲ့ သူလည်း မဟုတ်တဲ့) ပါတနာကို ကီလိုမီတာ ၁၀၀ အတွင်း (နိုင်ငံအလိုက် ကွဲပြားမှုရှိနိုင်) ရှာဖွေပေးသွားမှာပါ။ ပြီးတော့ Facebook မှာလိုမျိုး “Hi”, “Hello” စသဖြင့် လွယ်လွယ်ကူကူ စတင်ဆက်သွယ် လို့ရမှာ မဟုတ်ပါဘူး။ သင်စိတ်ဝင်စားတဲ့ ပါတနာရဲ့ ဓာတ်ပုံတွေကို ကြည့်ရှူရပါမယ်။ ပြီးတော့ “ပြင်ဦးလွင်ကို ရောက်ဖူးသလား။ ကျွန်မတော့ တစ်ခါရောက်ဖူးတယ်” ဆိုတာမျိုး မေးခွန်းလေးတွေ (သင်စိတ်ဝင်စားတဲ့ ပါတနာရဲ့ မေးခွန်းတွေ)ကို အရင် ဖြေဆိုရမှာ ဖြစ်ပါတယ်။ Messenger မှာဆိုရင်လည်း Facebook မှာလို လင့်ခ်တွေ မျှဝေတာမျိုး ဓာတ်ပုံတွေ ပို့ပေးတာမျိုး လုပ်လို့ မရပါဘူး။ ဓာတ်ပုံတွေ အလဲအလှယ် ပြုချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ်ပေးပြီး Viber ကနေဖြစ်ဖြစ် ဆက်သွယ်ပေးပို့လို့ပဲ ရမှာပါ။

အခြား ဖူးစာရှာ app တွေ တော်တော်များများက Facebook ရဲ့ အချက်အလက်တွေ အပေါ် တော်တော်လေး မှီခိုနေရပါတယ်။ ဒါကြောင့် Facebook က ဒီ ဖူးစာရှာ app ကို စတင်လာပြီဆိုတော့ အခြား ကုမ္ပဏီတွေဟာ အမီလိုက်ဖို့ ကြိုတင် ပြင်ဆင်ရတော့ မှာပါ။ ဥပမာ အနေနဲ့ Tinder ဟာဆိုရင် ပြီးခဲ့တဲ့ မေလ မှာ Places (နေရာများ) ဆိုတဲ့ လုပ်ဆောင်ချက် အသစ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အားကစားပွဲတွေ၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေကို အတူသွားချင်တဲ့ သူတွေအတွက် ရည်ရွယ်ခဲ့တာဖြစ်ပြီး အချက်အလက်တွေကို Facebook က မဟုတ်ပဲ Foursquare ကနေ ရယူခဲ့တယ်လို့ ဆိုပါတယ်။ Bumble နဲ့ Hinge တို့လို ဖူးစာရှာ app တွေဟာလည်းပဲ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို Facebook ကနေ ရယူနေခြင်းကို ရပ်တန့်လိုက်ကြပါတယ်။

Facebook ရဲ့ ထုတ်ကုန် အရာရှိချုပ် ခရစ်စ်ကော့စ် (Chris Cox) ကတော့ ဒီလို ဖူးစာရှာ app ကို ထည့်သွင်းမယ်ဆိုရင် တစ်ကယ် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတွေကို ဖြစ်လာစေဖို့ ရည်ရွယ်ရမယ်။ ဒီလို ဖြစ်လာဖို့လည်း ရှိနှင့်နေပြီးသား ဖူးစာရှာ app တွေထက်သာအောင် ပိုမို အင်အားစိုက်ထုတ်ရမယ် လို့ ပြောခဲ့ပါတယ်။ ဖူးစာရှာ ဝန်ဆောင်မှု ကုမ္ပဏီ နှစ်ခုမှာ လုပ်ကိုင်နေတဲ့ ဂျိုရွှာ ပွန်ပီ (Joshua Pompey) ကတော့ “သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုရယ်၊ ပိုမိုအကျိူးရှိစေမယ့် ဆက်ဆံရေးမျိုးတွေကို အလေးထားပြီး လုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ လောလောဆယ်မှာတော့ စတင် စမ်းသပ်သုံးစွဲနေတဲ့ ကိုလမ်ဘီယာ နိုင်ငံသားတွေရဲ့ တုံ့ပြန်မှုတွေကို စောင့်ကြည့်လေ့လာရမှာပဲ ဖြစ်ပါတယ်။

Ref: WIRED ”Facebook is testing it’s Dating Service”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top