ကျောက်ရုပ်ထုကြီးကပေးတဲ့ သင်ခန်းစာ

42306213_586094935139028_745170795721916416_n.jpg

မြို့တစ်မြို့ရဲ့ အလယ်မှာ ကျောက်ရုပ်ထုကြီးတစ်ခုကို ခန့်ညားထည်ဝါစွာ တည်ဆောက်ထားပါတယ်။ ကမ္ဘာအနှံ့က ခရီးသွားဧည့်သည်တွေဟာ ဒီမြို့ကိုရောက်တာနဲ့

ရုပ်ထုကြီးဆီကို အရောက်လာကြပြီး ရုပ်ထုကြီးနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြပါတယ်။ တစ်ညမှာတော့ ကျောက်ရုပ်ထုကြီးရဲ့ အောက်ခြေမှာခင်းထားတဲ့ ကျောက်ပြားကြီးက အခုလိုပဲ ပြောပါတယ်။

” ဟေး… ရုပ်ထုကြီး ကမ္ဘာအနှံ့ကလူတွေက ငါတို့ဆီကိုလာကြတယ်။ ငါ့ကိုဂရုမစိုက်ဘဲ အပေါ်ကနေဖြတ်လျှောက်သွားပေမဲ့ မင်းကိုတော့ ကြီးကျယ်ခမ်းနားလှပတဲ့အကြောင်းတွေပြောပြီး အမှတ်တရဓါတ်ပုံတွေ ရိုက်သွားကြတယ်။ မတရားဘူးကွာ “လို့ ပြောလိုက်ပါတယ်။

အဲဒီအခါ ကျောက်ရုပ်ထုကြီးက ” သူငယ်ချင်း ကျောက်ပြားကြီး…ငါရောမင်းရော ကျောက်ဂူကြီးတစ်ခုထဲကနေ လာခဲ့တာကို မှတ်မိသေးလား ” လို့ ဆိုလိုက်ပါတယ်။

” သိပ်မှတ်မိတာပေါ့။ အဲဒါကြောင့် ငါမတရားဘူးလို့ ပြောတာပေါ့”လို့ ကျောက်ပြားကြီးက ဆိုပါတယ်။

” သူငယ်ချင်း… လူတစ်ယောက်က မင်းကို ပုံသွင်းဖို့ ကြိုးစားခဲ့တဲ့ နေ့လေးကိုရော မှတ်မိသေးလား။ ဒါပေမဲ့ မင်းက ပုံသွင်းတာကို လက်မခံခဲ့ဘူးလေ”

ကျောက်ပြားကြီးက “ဟုတ်တယ်လေ။ ငါမနှစ်သက်တဲ့ ကိရိယာ၊ တန်ဆာပလာတွေနဲ့ ငါ့ကိုယ်ပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းပြုမူနေတာကို ငါမကြိုက်လို့ ငါခုခံခဲ့တာ”လို့ပြောလိုက်တဲ့အခါ ကျောက်ရုပ်ထုကြီးက အခုလိုပဲပြောလိုက်ပါတယ်။

” မင်းက အဲ့ဒီလို နာကျင်လို့ခုခံလိုက်တာကြောင့် ကျောက်ရုပ်ထုပြုလုပ်တဲ့သူက သူမင်းနဲ့ အလုပ်လုပ်လို့မရဘူးဆိုပြီးတော့ ငါ့ကို ရွေးချယ်ခဲ့တာ။ ငါက နာကျင်မှုတွေကို လျစ်လျူရှုပြီးတော့ ကျောက်ရုပ်ထုပြုလုပ်တဲ့သူ လိုချင်တဲ့ပုံစံရအောင် ကူညီပေးခဲ့တယ်။ အဲ့ဒါကြောင့် အခုလိုမျိုး ကျောက်ရုပ်ထုဘဝကို ရောက်ခဲ့တာပါ။ မင်းသာ အစကတည်းက ကျောက်ရုပ်ထုပြုလုပ်တဲ့သူရဲ့ ပုံသွင်းတာကိုလက်ခံခဲ့မယ်ဆိုရင် ငါ့ကိုမရွေးချယ်ဘဲ မင်းကိုပဲ ကျောက်ရုပ်ထုအဖြစ် ပုံသွင်းမှာပါ။

ဒီအကြောင်းအရာလေးကနေပေးချင်တဲ့ အသိလေးကတော့ သင်ဟာ အဆင်မပြေမှုတွေ၊ နာကျင်မှုတွေ တွေ့ကြုံတိုင်း အရှုံးပေးလိုက်မယ်ဆိုရင်တော့ လုံလ၊ ဝီရိယရှိတဲ့ အခြားသူတွေနဲ့ယှဉ်လိုက်ရင် အမြဲနောက်ကောက်ကျနေမှာပါ။ တစ်ခဏတာ နာကျင်မှုတွေ၊ အဆင်မပြေမှုတွေက တစ်ဘဝတာအတွက် အောင်မြင်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Ref: ” The Marble Statue “

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top