၉၇ နှစ်အရွယ်အဘိုးအိုတစ်ဦးရဲ့အိပ်မက်ကိုဖြည့်ဆည်းပေးဖို့ National Football League ပွဲကို ခေါ်လာပေးခဲ့တဲ့ အမျိုးသား

26-10-2022-yyl-09.jpg

ဒီဇိုင်နာ အီဆာရက် ဂါဇာက သူ့ရဲ့လူသားဆန်တဲ့လုပ်ရပ်တွေကြောင့် လူအများရဲ့အသိအမှတ်ပြုမှုကို ရရှိထားတဲ့သူပါ။ သူက လိုအပ်နေတဲ့သူတွေကို ကူညီပေးပြီး အခြားသူတွေကိုလည်း သူ့လိုမျိုးလုပ်ဆောင်ဖို့ တွန်းအားပေးနေတာပါ။ အခြားသူတွေအတွက် ဂါဇာ လုပ်ပေးခဲ့ဖူးတဲ့ အရာတွေမှာ အသက် ၉၇ နှစ်အရွယ်စစ်မှုထမ်းဟောင်း ဝီလျံ ဂွတ်ဒီကို Disneyland ဆီအလည်အပတ်ခေါ်သွားခဲ့ပြီး သူနဲ့အတူ တစ်နေ့တာကုန်ဆုံးပေးခဲ့တာပါ။

အဲဒီတုန်းက ဝီလျံကလည်း သူ့ကို အခုလိုခေါ်လာပေးခဲ့တဲ့အတွက် ဂါဇာကို ကျေးဇူးတင်လို့မဆုံးဖြစ်ခဲ့ပြီး မျက်ရည်တောင်ကျခဲ့ရပါတယ်။ အဲဒီအလည်အပတ်ခရီးအတွင်း ဂါဇာနဲ့ ဝီလျံတို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ မကြာသေးခင်ကလည်း ဂါဇာက ဝီလျံရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့ပြန်ပါတယ်။ ဂါဇာက ဝီလျံကို သူအကြိုက်နှစ်သက်ဆုံးအသင်း Los Angeles Rams ကစားတာကို မြင်တွေ့ရဖို့အတွက် SoFi အားကစားကွင်းကို အောက်တိုဘာ ၁၆ ရက်နေ့က ခေါ်သွားပေးခဲ့တာပါ။ ဂါဇာက ဝီလျံကို ဘယ်တော့မှ မမေ့နိုင်မယ့် နေ့တစ်နေ့ကို ထပ်ပြီး ဖန်တီးပေးလိုက်တာပါ။

ဝီလျံက သူအကြိုက်နှစ်သက်ဆုံးအသင်းကစားတာကို မြင်တွေ့ရတဲ့အပြင် သူအကြိုက်ဆုံးကစားသမား ကူပါး ကက်ပ်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူ့ဆီကို ကူပါး ကက်ပ်လာတွေ့ပြီး လက်ဆွဲနှုတ်ဆက်ကာ စကားတွေပြောခဲ့ကြပါတယ်။ ဝီလျံက ကူပါးရဲ့ပခုံးကို ပုတ်ပြီး “အိုမိုင်ဂေါ့…မင်းက တကယ်တော်တယ်။ မင်းက အကောင်းဆုံးတွေထဲကတစ်ယောက်ပဲ”လို့ ပြောခဲ့ပါတယ်။ ကူပါးကလည်း သူ့အတွက် လက်မှတ်ထိုးထားတဲ့ ဂျာစီကို ပေးခဲ့ပါတယ်။ ဝီလျံက အဲဒီဂျာစီကို အဲဒီကစားပွဲမှာ ဝတ်ဆင်ခဲ့ပါတယ်။ ဝီလျံအတွက် အဲဒီနေ့က သူ့ရဲ့ဘဝမှာ အပျော်ရွှင်ဆုံးနေ့ရက်တွေထဲက တစ်နေ့ဖြစ်ခဲ့ပါတယ်။

ဂါဇာက ကမ္ဘာကြီးကို ပြန်လည်ပေးဆပ်ဖို့ ကြင်နာတရားအပြည့်နဲ့ လူသားဆန်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေခဲ့တာပါ။ သူက မက္ကဆီကိုနိုင်ငံကနေ အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်တဲ့ မိဘနှစ်ပါးရဲ့သားတစ်ယောက်ဖြစ်တဲ့အတွက် ဆင်းရဲစွာနဲ့ ကြီးပြင်းခဲ့ရပါတယ်။ တစ်ချိန်က သူတို့မိသားစုက အိုးမဲ့အိမ်မဲ့တောင်ဖြစ်ခဲ့ရပြီး သူတို့ရဲ့ကားထဲမှာ တစ်နှစ်လောက် နေခဲ့ရပါတယ်။ ဂါဇာက လော့စ်အိန်ဂျလိစ်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ပညာသင်ဆုလည်းရခဲ့ပါတယ်။ အခုဆို သူဟာ နာမည်ကြီးကျောက်မျက်ရတနာဒီဇိုင်နာတစ်ယောက်၊ TikTok influencer တစ်ယောက်ဖြစ်နေပါပြီ။

Ref: Upworthy “Man makes 97-year-old veteran’s ‘dream come true’ by taking him to an NFL game”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top