စိတ်မကောင်းဖြစ်နေတဲ့တစ်စုံတစ်ယောက်ကို ဘယ်လိုစာမျိုးတွေပို့ပြီး နှစ်သိမ့်ပေးသင့်လဲ

22-10-2020-yyl-044.jpg

ကျွန်တော်တို့အားလုံး ကံမကောင်းတဲ့ရက်တွေ၊ စိတ်မကောင်းဖြစ်ရတဲ့ရက်တွေ၊ စိတ်မကြည်ဖြစ်ရတဲ့ရက်တွေ ရှိတတ်ပါတယ်။ တချို့ရက်တွေဆို ဘာမှလုပ်ချင်စိတ်မရှိဘဲ အိပ်ရာထဲကနေလည်း မထချင်၊ စိတ်ဓာတ်တွေကျ၊ အလုပ်ကိုလည်း အာရုံစိုက်ချင်စိတ်မရှိ၊အတွေးလွန်နေပြီး ခေါင်းထဲမှာ စိတ်မကောင်းစရာတွေပဲ တစ်ချိန်လုံးစဉ်းစားနေမိတတ်ကြပါတယ်။ မိမိချစ်မြတ်နိုးရသူတွေနဲ့ စကားများရန်ဖြစ်တဲ့အခါ၊ တစ်ခုခုကို ဆုံးရှုံးလိုက်ရတဲ့အခါ၊ စိုးရိမ်ပူပန်ရတဲ့အခါ၊ စိတ်ဓာတ်ခွန်အားမရှိတော့တဲ့အခါ စိတ်အလိုမကျသလို စိတ်မကြည်သလို စိတ်မကောင်းဖြစ်သလို ခံစားရပါတယ်။ အခုလိုကပ်ရောဂါအတွင်းမှာ အဲဒီလိုအခြေအနေတွေကို ပိုဆိုးရွားစေပါတယ်။ သူငယ်ချင်းတွေနဲ့လည်းအပြင်မှာတွေ့ခွင့်မရ၊ ဘယ်မှလည်း သွားလို့မရဖြစ်နေတဲ့အတွက် တစ်ယောက်တည်းအထီးကျန်သလို ခံစားရစေပါတယ်။ တကယ်လို့ ကိုယ့်အသိမိတ်ဆွေသူငယ်ချင်းတွေထဲက တစ်ယောက်ယောက်က စိတ်ညစ်ပြီး စိတ်မကြည်သလိုဖြစ်နေလို့ နှစ်သိမ့်ပေးချင်ရင် ဒီလိုစာမျိုးတွေ ပို့ပေးသင့်ပါတယ်။

“စကားပြောချင်လား၊ ဖုန်းပြောချင်လား” တစ်ခါတလေ တချို့လူတွေက အခြားသူတွေကို သူတို့ဘာဖြစ်နေတယ်ဆိုတာ ပြောမပြတတ်ကြပါဘူး။ အခြားသူတွေကလည်း သူတို့ဘာတွေခံစားနေလဲဆိုတာ သူတို့ကိုယ်တိုင်က ဖွင့်မပြောလို့ မသိကြရပါဘူး။ တကယ်လို့ သင့်အသိမိတ်ဆွေ တစ်ခုခုဖြစ်နေတယ်ဆိုတာ သိရင် သင်က သူတို့ဖွင့်ပြောလာအောင် စာပို့ပေးတာအကောင်းဆုံးပါပဲ။ သူတို့ စိတ်မကြည်ရင်ပဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်ရင်ပဲဖြစ်ဖြစ် သင့်ကို အချိန်မရွေး ဖုန်းခေါ်လို့ရတဲ့အပြင် စာပို့လို့လည်းရတယ်ဆိုတာ သိအောင် ပြောပြလိုက်ပါ။ သင့်ကလည်း စကားပြောဖို့အတွက် သူတို့ကို ဖုန်းခေါ်ပေးလို့ရတယ်ဆိုတာကိုလည်း စာပို့ပြောပေးပါ။

“အခုလိုဖြစ်နေတာတွေအားလုံးအတွက် ငါ စိတ်မကောင်းပါဘူး။ မင်းအတွက် ငါအမြဲရှိနေပါတယ်” သင် သိတဲ့ တစ်စုံတစ်ယောက်က ခက်ခဲတဲ့အခြေအနေတစ်ခုကို ကျော်လွှားနေရရင် (သို့) ဆုံးရှုံးစရာတစ်ခုခုကို ကြုံတွေ့နေရရင် သူတစ်ယောက်တည်းမဟုတ်ဘဲ သူ့ဘေးမှာ သင်ရှိနေပေးတယ်ဆိုတာကို သိစေတဲ့စာမျိုးပို့ပေးသင့်ပါတယ်။

“အားတင်းထားပါ။ မင်းအတွက် ငါ ရှိနေတယ်ဆိုတာ အမြဲတမ်းသိထားပါ” သင် သိတဲ့တစ်စုံတစ်ယောက် စိတ်မကောင်းစရာကိစ္စကို ကြုံတွေ့နေရရင်၊ အခက်အခဲတွေကြုံနေရရင် သင်က တက်နိုင်သလောက် စာပို့ပြီးတော့ စိတ်ဓာတ်ခွန်အားပေးသင့်ပါတယ်။

“မင်းအတွက် ငါလုပ်ပေးနိုင်တာရှိရင် ပြောနော်” ကူညီလိုအပ်နေတဲ့သူကို အမြဲလက်ကမ်းပေးပြီး သင် ကူညီနိုင်တာရှိလားလို့ မေးပေးပါ။ ဒါက သင်က သူတို့နဲ့အတူ ရှိနေပေးတယ်ဆိုတာ ပြသနေတဲ့အပြင် သူတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်တယ်ဆိုတာ ဖော်ပြရာရောက်ပါတယ်။

“အဆင်ပြေသွားမှာပါ..မင်း ဒါတွေကို ကျော်ဖြတ်သွားနိုင်မှာပါ” အခက်အခဲကြုံနေရတဲ့၊ အဆင်မပြေဖြစ်နေတဲ့ တစ်စုံတစ်ယောက်ကို အဆင်ပြေသွားဖို့အတွက် ခွန်အားပေးပါ။ သူတို့ ဒါတွေကို အလွယ်တကူကျော်လွှားနိုင်မယ်ဆိုတာကို ပြောပြပေးပါ။

“ရုပ်ရှင်ကြည့်ပြီး မင်း ကြိုက်နှစ်သက်တဲ့အစားအစာတွေ စားလိုက်ပါ” စိတ်မကြည်ဖြစ်နေတဲ့သူတစ်ယောက်ကို ဇာတ်ကားကြည့်ဖို့ ပြောကြည့်ပါ။ သူ့ကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်မယ့် ဇာတ်ကားမျိုးကို သင် ညွန်းပေးနိုင်ပါတယ်။ သူ ကြိုက်နှစ်သက်တဲ့အစားအစာတွေကို စားဖို့လည်း တိုက်တွန်းပေးသင့်ပါတယ်။

“အဖွဲ့လိုက် Video Call ပြောမယ်” အခုလိုကပ်ရောဂါအတွင်းမှာ လူချင်းတွေ့လို့မရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် Video Call နဲ့ပဲ တွေ့ကြရပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းကို အားပေးချင်တယ်ဆိုရင် အခြားရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့အတူ အဖွဲ့လိုက် Video Call ပြောပါ။ အဲဒီသူငယ်ချင်းက အခြားသူငယ်ချင်းတွေကို မြင်လိုက်ရတဲ့အတွက် စိတ်ဓာတ်ကျနေတာတွေ ခဏတော့ပြေပျောက်သွားနိုင်ပါတယ်။

“အရာအားလုံးဖြေရှင်းနိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် အချိန်ခဏပေးလိုက်ပါ” သင်က အခက်အခဲဖြစ်နေတဲ့ တစ်စုံတစ်ယောက်ကို ခေါင်းအေးအေးထားပြီး ကိုယ့်ကိုယ်ကိုယ် အချိန်ပေးလိုက်မယ်ဆိုရင် အရာအားလုံးဖြေရှင်းနိုင်မှာပါလို့ ပြောပေးပါ။

“မင်းက ငါသိတဲ့ စိတ်ဓာတ်အကြံ့ခိုင်ဆုံးသူတစ်ယောက်ပါ။ ကျော်ဖြတ်နိုင်မှာပါ” စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာဖို့ အားပေးနှစ်သိမ့်ပေးပါ။ သင် စာပို့ပြီးပြောလိုက်တဲ့စကားက သူ့ရဲ့စိတ်ကို ပျော်ရွှင်စေမှာမဟုတ်ပေးမှာ တစ်နေ့တာကို ကျော်ဖြတ်သွားနိုင်ဖို့ စိတ်ဓာတ်ခွန်အားဖြစ်စေမှာတော့ အမှန်ပါပဲ။

Ref: 10 texts to send to someone having a bad day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top