ကိုရိုနာဗိုင်းရပ်စ်ကုသနိုင်ဖို့ အလားလာရှိတဲ့သုတေသနပြုချက်နဲ့ ဒေါ်လာ ၂၅,၀၀၀ ရရှိသွားခဲ့တဲ့ ဆယ်ကျော်သက်

22-10-2020-yyl-047.jpg

ယနေ့ခေတ်မှာ စူးစူးစမ်းစမ်းလေ့လာ စမ်းသပ်တီထွင်ချင်တဲ့ လူငယ်သုတေသနပညာရှင်လေးတွေလည်း ပေါ်ထွန်းနေပါတယ်။ အဲဒီလိုလူငယ်တွေအတွက်လည်း သူတို့ပညာတွေကို အသိအမှတ်ပြုပြီး ချပြနိုင်ဖို့အတွက် ပြိုင်ပွဲတွေ ကျင်းပပေးပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ 2020 3M Young Scientist Callaenge ပြိုင်ပွဲမှာ အသက် (၁၄) နှစ်အရွယ် ကောင်မလေးက သူ့ရဲ့သုတေသနပြုချက်ကြောင့် ဆုကြီးကို ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။ အဲဒီကောင်မလေးက တက္ကဆပ်ပြည်နယ်က လူငယ်သုတေသနပညာရှင်လေး အန်နီကာ ချဘရိုလု (Anika Chebrolu) ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ကိုရိုနာဗိုင်းရပ်စ်အတွက် အလားလာရှိတဲ့ကုသနည်းလေ့လာချက်နဲ့ တစ်နေ့ လူတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့ မျှော်လင့်နေတာပါ။ 2020 3M Young Scientist Challenge ပြိုင်ပွဲက အလယ်တန်းကျောင်းသုတေသနပညာရှင်တွေအတွက် ကျင်းပပေးတဲ့ပြိုင်ပွဲတစ်ခုပါ။ အဲဒီပွဲမှာ ၈ တန်းကျောင်းသူလေး အန်နီကာက သူ့ရဲ့ပရောဂျက်နဲ့ အနိုင်ရရှိပြီး ငွေသား ဒေါ်လာ ၂၅၀၀၀ ကို ရရှိသွားခဲ့ပါတယ်။ “သမီးက မော်လီကျူ ၆၉၈ သန်းနီးပါးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုကနေ အဓိကကွန်ပေါင်းတစ်ခုကို သီးခြားခွဲထုတ်ခဲ့တယ်” လို့ အန်နီကာက ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးကို တွန်းလှန်နိုင်မယ့် လက်နက်အသစ်တစ်ခုဖြစ်လာမယ်လို့ အန်နီကာမျှော်လင့်နေတဲ့ ဒီလေ့လာတွေ့ရှိချက်ကို စပိန်တုပ်ကွေးကပ်ရောဂါကို သုတေသနလုပ်နေခဲ့ရင်းနဲ့ လွန်ခဲ့တဲ့ (၂) နှစ်က စတင်ခဲ့တာပါ။ ” သမီး ကမ္ဘာကြီးကို ကူညီချင်ခဲ့ပြီး သူတို့ဖြစ်မြောက်ချင်တဲ့အရာမှန်သမျှကို သူတို့လုပ်နိုင်တယ်ဆိုတာ ကလေးတွေသိစေချင်တာပါ” လို့ အန်နီကာက ပြောပါတယ်။
အန်နီကာက ဆေးဘက်ဆိုင်ရာသုတေသနပညာရှင်နဲ့ ပရော်ဖက်ဆာဖြစ်ဖို့ မျှော်လင့်နေရင်းနဲ့ အလုပ်တွေ ဖြစ်မြောက်အောင် အကောင်အထည်ဖော်နေတဲ့အပြင် မဖြစ်နိုင်တဲ့အရာတစ်ခုခု (သို့) ခက်ခဲတဲ့အရာတစ်ခုခုကို လုပ်ကြည့်ဖို့ မျိုးဆက်သစ်တွေကို လှုပ်ဆော်ပေးနေပါတယ်။

Ref: CBSNews “14-year-old girl wins $25,000 prize for research on potential coronavirus cure”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top