ငါးမန်းရိုင်းကိုက်ခံရပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ ၁၁ နှစ်သားလေး

9-11-2022-yyl-32.jpg

ငါးမန်းရိုင်းကိုက်ခံရပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ ၁၁ နှစ်သားလေး

ပြီးခဲ့တဲ့လက ဂျမီဆန် ရီဒါ ဂျူနီယာ အမည်ရတဲ့ အသက် ၁၁ နှစ်ကောင်လေးနဲ့ သူ့မိသားစုက သန္တာကျောက်တန်းနား ရေငုပ်ကြဖို့ Florida Keys ကျွန်းစုကို အလည်အပတ်လာရင်း ဂျမီဆန်က ၉ ပေရှိတဲ့ ငါးမန်းရိုင်းတစ်ကောင်ရဲ့တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ငါးမန်းရိုင်းကိုက်ခံလိုက်ရတာကြောင့် ဂျမီဆန်လေးက ခွဲစိတ်ကုသမှု ၄ ကြိမ်ခံယူခဲ့ရပြီးခြေထောက်ကို ဒူးအထက်ကနေဖြတ်ပစ်လိုက်ရပါတယ်။

သူက ဆေးရုံမှာ အချိန်အကြာကြီးနေခဲ့ရပြီး ၁၁ နှစ်ပြည့်မွေးနေ့ကို ဆေးရုံမှာပဲ ဆင်နွှဲခဲ့ရပါတယ်။ အခုတော့ ကျန်းမာရေးကောင်းမွန်လာပြီး ဆေးရုံက ဆင်းရပါပြီ။ ခြေထောက်တစ်ဖက်မရှိတော့တဲ့အတွက် ဝှီးချဲအသုံးပြုနေရပါတယ်။ သူက အသက်ငယ်ငယ်လေးနဲ့ ခြေထောက်ဆုံးရှုံးလိုက်ရပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ဆိုရမှာပါ။ သူ့ခြေထောက်မရှိတော့လို့ အရမ်းဝမ်းနည်းရပေမဲ့ သူ အသက်ရှင်နေတဲ့အတွက် ဝမ်းသာမိတယ်လို့ ဂျမီဆန်က ပြောပါတယ်။ သူ့အမေ မယ်ရီ ရီဒါကလည်း ဒီမတော်တဆမှုပြီးတဲ့နောက်မှာ အရင်ကထက် သူသား ပိုပြီးစိတ်ဓာတ်ကြံ့ခိုင်လာတယ်လို့ ဆိုပါတယ်။

ဂျမီဆန်ရီဒါဂျူနီယာ

မယ်ရီက သူ့သားဂျမီဆန် ငါးမန်းတိုက်ခိုက်ခံရတဲ့အခိုက်အတန့်ကို ပြန်ပြောပြခဲ့ပါတယ်။ ဂျမီဆန်က လှေပေါ်ကနေ ရေထဲဆင်းပြီး pool noodle (ရေကူးတဲ့အချိန် အန္တရာယ်ကင်းဖို့အတွက် အသုံးပြုလို့ရတဲ့ ဒုလုံးပုံစံပစ္စည်း) နဲ့ရေကူးနေရင်း ငါးမန်းတိုက်ခိုက်ခံခဲ့ရတာပါ။ သူက လက်နှစ်ဖက်ကို လေထဲ ဝှေ့ယမ်းကာ အော်ဟစ်အကူအညီတောင်းနေခဲ့တယ်။ ဂျမီဆန်ကလည်း ရေနစ်မသွားဖို့အတွက် pool noodle ​ဖက်တွယ်ထားခဲ့ပါတယ်။​ဂျမီဆန် တစ်ခုခုဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့မိသားစုက ချက်ချင်းပဲ လှေနဲ့ သွားကယ်ခဲ့တယ်။

​ကမ်းစပ်ကို မြန်မြန်ရောက််ဖို့ အခြားသူတွေကိုလည်း အကူအညီတောင်းခဲ့ရပါတယ်။ အနီးနားကမော်တော်ဘုတ်တစ်စီးရောက်ရှိလာခဲ့ပြီး ဂျမီဆန်နဲ့ သူ့အမေကို ကမ်းစပ်ဆီ ပြန်ခေါ်သွားခဲ့ပါတယ်။ သူ့အဖေက အခြားကလေးတွေနဲ့ ကျန်နေခဲ့ပါတယ်။ အဲဒီကနေမိုင်ယာမီကလေးဆေးရုံကို လေယာဥ်နဲ့ပို့ဆောင်ခဲ့ရပါတယ်။ ငါးမန်းကိုက်ခံရတဲ့ဒဏ်ရာကကြီးပြီး ​ခြေထောက်ရဲ့အရိုးတောင် မြင်နေရပါတယ်။

ဂျမီဆန် ငါးမန်းကိုက်ခံရတဲ့မတော်တဆမှုအပြီးမှာ သူ့မိသားစုရဲ့အသိမိတ်ဆွေတစ်ယောက်က ရန်ပုံငွေရှာပေးဖို့အတွက် GiveSendGo ကမ်ပိန်းတစ်ခု​ပြုလုပ်ခဲ့ပါတယ်။ ကြာသပ​တးနေ့မနက်ပိုင်းအထိ ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိထားပါတယ်။ ရန်ပုံငွေ ဒေါ်လာ ၂၅၀၀၀၀ ရဖို့ မျှော်မှန်းထားတာပါ။ ဂျမီဆန်ကတော့ တစ်နေ့ကျရင် ခြေတုတပ်ပြီး ရေထဲပြန်ဆင်းရဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော် သမုဒ္ဒရာထဲ ပြန်သွားချင်တယ်”တဲ့။

Ref: 11-Year-Old Boy Says He’s ‘Happy to Be Alive’ After Losing Part of His Leg Due to Bull Shark Attack

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply