လိုအပ်နေတဲ့ ကလေးတွေအတွက် စောင်အထည် (၅၀၀) နဲ့ Mask အခု (၁,၀၀၀) ကို ကိုယ်တိုင်ချုပ်လုပ် လှူဒါန်းခဲ့တဲ့ (၁၁) နှစ်သမီးလေး

3-7-2020-yyl-007.jpg

အသက် (၁၁) နှစ်အရွယ် လူစီ ဘလေလော့ခ် ဆိုတဲ့ ကလေးမလေးဟာ အခုလို ခက်ခဲနေတဲ့အချိန်တွေကို ဖြတ်ကျော်နေတဲ့ ကလေးတွေကို နှစ်သိမ့်ပေးနိုင်မယ့် အစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ကတော့ လိုအပ်နေတဲ့ကလေးတွေအတွက် စောင်နဲ့ Mask တွေ ကို ကိုယ်တိုင်ချုပ်လုပ်ပြီး ပေးဖို့ပါပဲ။ သူဟာ အချုပ်အလုပ်ကျွမ်းကျင်တဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ သူ့သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင် ပေးချင်တာကြောင့် လွန်ခဲ့တဲ့ (၃) နှစ်ကျော်ကလည်းက စက်ချုပ်တတ်အောင်သင်ယူခဲ့တာပါ။ သူ့သူငယ်ချင်းမွေးနေ့ပွဲအပြီးမှာတော့ လိုအပ်နေတဲ့ ကလေးတွေအတွက် စောင်တွေ ဝေပေးလို့ရမလားလို့ သူ့မိခင်ကို တောင်းဆိုခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်မတိုင်ခင်က လူစီက Giveaway ပေးမယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ယက်မှာ တင်ခဲ့ပြီး ကင်ဆာရောဂါ၊ အော်တစ်ဇင်ရောဂါ ခံစားနေရတဲ့ မိဘတွေဆီကနေ message (၁၆) စောင်ရရှိခဲ့ပါတယ်။ အဲဒီကတည်းက လူစီဟာ နိုင်ငံ (၁၄) နိုင်ငံက ကလေးတွေအတွက် စောင် အထည် (၅၀၀) ကိုပြုလုပ်ခဲ့တာပါ။ စောင်တစ်ထည်ချုပ်ဖို့အတွက် အချိန် (၂) နာရီပေးရပါတယ်။ စောင်တွေအားလုံးမှာလည်း သူ့နာမည်နဲ့ အသည်းပုံ အမှတ်အသားလေး ထည့်ပေးထားပါတယ်။ “ကလေးတွေ ပါဆယ်ထုပ်ရပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ဘယ်လိုဖြစ်မလဲလို့ စဉ်းစားလိုက်တဲ့အခါ စိတ်လှုပ်ရှားမိပါတယ်။ သူတို့ကို ဂရုစိုက်ပေးမယ်သူရှိနေတယ်ဆိုတာ သူတို့သိမယ်လို့ သမီး အမြဲမျှော်လင့်ပါတယ်။ ကလေးတွေအားလုံးကို ကူညီပေးရတာ အရမ်းကောင်းပါတယ်”လို့ လူစီ က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားတဲ့အခါမှာ လူစီက ကလေးတွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေအတွက် စောင်တွေအပြင် Maskတွေကိုလည်း စတင်ချုပ်လုပ်ခဲ့ပါတယ်။ သူက အကူအညီလိုအပ်နေတဲ့သူတွေကို မတ်လကတည်းက Mask (၁၁၀၀) ကို လှူဒါန်းခဲ့ပါတယ်။ “သမီးတို့ ကြင်နာတရားထားလိုက်တဲ့အခါ ကမ္ဘာကြီးက ပိုကောင်းတဲ့နေရာဖြစ်သွားပါတယ်။ တစ်ခါတလေ အဲဒါက ခက်ခဲကြောင်း ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သမီးတို့လုပ်နေတဲ့အရာက ကမ္ဘာကြီး ပြောင်းလဲအောင်လုပ်နေတာပါပဲ”လို့ လူစီက ပြောပါတယ်။

လူစီက အခုနှစ်အစောပိုင်းမှာ အမေရိကန်သမ္မတဆီက ပရဟိတဆုကို ရရှိခဲ့တဲ့အပြင် Prudential Spirit of Community Award ကိုလည်း ရရှိခဲ့ပါတယ်။ သူက ကလေးတွေကို အရာအားလုံးကို ဖြေရှင်းနိုင်တဲ့အထိ မစောင့်ဘဲ ပရဟိတလုပ်တာကို စိတ်ဝင်စားဖို့ ပြောထားပါတယ်။

Ref: 11-year-old sews 500 blankets and over 1,000 masks for kids in need

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top