National Geographic မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ် ကျော်ကြားလာခဲ့တဲ့ အာဖဂန်မိန်းကလေးကို အီတလီအစိုးရက ဒုက္ခသည်အဖြစ် တရားဝင်နေထိုင်ခွင့်ပြု

25-11-2021yyl16.png

National Geographic မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ် ကမ္ဘာတစ်ဝှမ်းကလူတွေ သတိထားမိလာခဲ့တဲ့ မျက်လုံးစိမ်းနဲ့ အာဖဂန်မိန်းကလေးကို အီတလီဝန်ကြီးချုပ် မာရီယို ဒရာဟီ (Mario Draghi) က ဒုက္ခသည်အဖြစ် တရားဝင်နေထိုင်ခွင့်ပြုလိုက်ပါတယ်။ အဲဒီအာဖဂန်မိန်းကလေးက ရှာဘတ် ကူလာ (Sharbat Gula) ဆိုသူပါ။ အာဖဂန်နစ္စတန်က ထွက်ခွာဖို့ အကူအညီတောင်းခံခဲ့လို့ ရှာဘတ် ကူလာ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ အီတလီက စီစဉ်ပေးခဲ့တာဖြစ်တယ်လို့ အီတလီဝန်ကြီးချုပ်ရုံးအရ သိရပါတယ်။

“အာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ပရိုဂရမ်၊ လက်ခံကြိုဆိုရေးနဲ့ပေါင်းစည်းရေးဆိုင်ရာ အစိုးရရဲ့အစီအစဉ်နဲ့ ရှာဘတ် ကူလာကို အီတလီသို့ ရွှေ့ပြောင်းပေးဖို့ စီစဉ်ပေးခဲ့တာဖြစ်တယ်”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ မဂ္ဂဇင်းမျက်နှာဖုံးအဖြစ် ပါဝင်ခဲ့တုန်းက ရှာဘတ် ကူလာဟာ အသက် ၁၂ နှစ် အရွယ်ပဲ ရှိပါသေးတယ်။ ကူလာက အာဖဂန်-ပါကစ္စတန်နယ်စပ် Nasir Bagh ဒုက္ခသည်စခန်းမှာ နေခဲ့တဲ့အချိန် သူ့ရဲ့ပုံကို စတိဗ် မက်ကူရီ (Steve McCurry) က ၁၉၈၄ခုနှစ် ဒီဇင်ဘာလမှာ ရိုက်ကူးခဲ့ပြီး နောက်နှစ်မှာ မဂ္ဂဇင်းမျက်နှာဖုံးအနေနဲ့ ထုတ်ဝေခဲ့တာပါ။ နှစ်တော်တော်ကြာ ကူလာရဲ့နာမည်ကို ဘယ်သူမှ မသိကြပါဘူး။

၂၀၁၄ခုနှစ်မှာတော့ ကူလာကို ပါကစ္စတန်မှာ ထပ်တွေ့ခဲ့ပေမဲ့ အာဏာပိုင်တွေက ပါကစ္စတန်နိုင်ငံသားစိစစ်ရေးကဒ်ပြားအတုကိုင်ဆောင်ထားတယ်လို့ စွပ်စွဲပြီး နိုင်ငံကနေ နှင်ထုတ်ဖို့ ကြိုးစားခဲ့ကြလို့ ပုန်းနေခဲ့ရပါတယ်။ အဲဒီနောက် အာဖဂန်နစ္စတန်သမ္မတက သူ့ကို ကြိုဆိုခဲ့ပြီး ယနေ့ထိ နေထိုင်နေခဲ့တဲ့ ကဘူးလ်မြို့က တိုက်ခန်းတစ်ခုကိုလည်း ပေးခဲ့ပါတယ်။

အခုတော့ ကူလာ အသက် ၄၀ အရွယ်မှာ တာလီဘန်တွေက ကဘူးလ်ကို သိမ်းယူထားတဲ့အတွက် ကူလာက ရောမမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့ အီတလီဝန်ကြီးချုပ်ရုံးအရ သိရပါတယ်။ “၁၉၈၅ခုနှစ်က National Geographic မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဒုက္ခသည်စခန်းမှာ ကူလာရဲ့ငယ်ရွယ်တဲ့ပုံကို ရိုက်ကူးခဲ့တဲ့ စတိဗ် မက်ကူရီ (Steve McCurry) ရဲ့ဓာတ်ပုံကြောင့်ပဲ ရှာဘတ် ကူလာက အာဖဂန်နစ္စတန်နဲ့ သူ့ပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ဘေးဒုက္ခတွေနဲ့ ပဋိပက္ခတွေကိုဖော်ဆောင်နေတဲ့အထိ ကမ္ဘာနဲ့အဝှမ်း ကျော်ကြားလာခဲ့တယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
အခုဆိုရင် အီတလီမှာ နေထိုင်နိုင်ဖို့အတွက် ကူလာကို အီတလီအစိုးရက ကူညီသွားမှာဖြစ်ပါတယ်။

Ref: Forbes “The Iconic “Afghan Girl” Who Graced National Geographic Cover Is Given Refugee Status In Italy”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top