ခက်ခဲနေတဲ့ကလေးတွေအတွက် လက်ဆောင်ဝယ်ပေးဖို့ ဒေါ်လာ ၆၀၀၀ နီးပါး ရန်ပုံငွေရှာနိုင်ခဲ့တဲ့ ကောင်လေး

23-12-2020-yyl07.jpg

အသက် (၁၁) နှစ်အရွယ်ကတည်းက အခြားသူတွေကို ကူညီပေးနေခဲ့တဲ့ ဂျက်ဆန် တာနာ (Jaxson Turner) ဆိုတဲ့ ကောင်လေးဟာ အိမ်ခြေရာမဲ့ (၂၅၀) ကို ကျွေးမွေးဖို့အတွက် ရန်ပုံငွေရှာပေးခဲ့ဖူးပါတယ်။ အခြားသူတွေကို ကူညီပေးဖို့ ဘယ်တော့မှ အသက်ငယ်တယ်လို့မရှိဘူးဆိုတာကို သက်သေပြချင်ခဲ့တာပါ။ အခုဆိုရင် ဂျက်ဆန်က အသက် (၁၃) နှစ်အရွယ်ရောက်နေပြီး Nerver Too Young To Care (N2Y2C) ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင်ပရဟိတအဖွဲ့အစည်းနဲ့အတူ ခက်ခဲပြီးအကူအညီလိုအပ်နေတဲ့သူတွေကို ဆက်လက်ကူညီပေးနေပါတယ်။ အခုနှစ်ခရစ်စမတ်ရာသီမှာလည်း အိမ်ရာမဲ့ကလေးတွေအတွက် လက်ဆောင်ပေးဖို့ ရန်ပုံငွေရှာခဲ့ပါတယ်။

ဂျက်ဆန်က တစ်နှစ်တစ်နှစ်ကို ပရဟိတအလုပ်တွေ များစွာလုပ်လေ့ရှိပါတယ်။ သူဟာ သံပရိုဖျော်ရည်ရောင်းပြီးရန်ပုံရှာတာ၊ အခြားသူတွေရဲ့လှူဒါန်းမှုတွေနဲ့ အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီပေးနေတာပါ။ N2Y2C ပရောဂျက်တွေအတွက် သူဟာ ရန်ပုံငွေအားလုံးစုစုပေါင်း ဒေါ်လာ ၇၂၄၄၄ လောက်ရှာနိုင်ခဲ့ပါတယ်။ အခုနှစ် ခရစ်စမတ်ပရောဂျက်အတွက်ကတော့ ဂျက်ဆန်ဟာ တက္ကဆပ်ပြည်နယ် Samaritan Inn ဂေဟာက ကလေးတွေကို ကူညီပေးမှာဖြစ်ပါတယ်။ ဂျက်ဆန်က သူ့ရဲ့ခရစ်စမတ်ပရောဂျက်ကို စတင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ခရစ်စမတ်ဘိုးဘိုးက သူ့ရဲ့ခရစ်စမတ်စာရင်းမှာပါတဲ့ အရာအားလုံးကို အမြဲတမ်းပေးခဲ့တဲ့အတွက်ကြောင့်ပါတဲ့။

ဂျက်ဆန်ဟာ Samaritan Innက မိသားစုတွေက အိမ်ရာမဲ့ဖြစ်နေရတာတင်မလုံလောက်ဘဲ သူတို့ကလေးတွေအတွက် ခရစ်စမတ်လက်ဆောင်မပေးရလို့ စိုးရိမ်ပူပန်မှာကို မလိုလာဘူးလို့ ဆိုပါတယ်။ သူဟာ အိမ်ရာမဲ့မိသားစုရဲ့ကလေးတွေကို ခရစ်စမတ်အချိန်အခါမှာ လက်ဆောင်ပေးချင်တဲ့အတွက် လူမှုကွန်ယက်ပေါ်ကနေ ရန်ပုံငွေရှာခဲ့ပါတယ်။ ဂျက်ဆန်က အဲဒီအတွက် ဒေါ်လာ (၆၀၀၀) ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရရှိခဲ့တဲ့ရန်ပုံငွေတွေနဲ့ ကလေး (၆၁) ဦးအတွက် နွေးထွေးတဲ့အဝတ်အထည်တွေနဲ့ အခြားလက်ဆောင်တွေ သွားဝယ်ခဲ့ပါတယ်။

ဂျက်ဆန်ဟာ ပြီးခဲ့တဲ့အပတ်ကမှ Samaritan Inn က ကလေးတွေကို လက်ဆောင်တွေ သွားပေးခဲ့ပါတယ်။ သူက လက်ဆောင်တွေပေးခဲ့တဲ့အပြင် ကလေးတွေအတွက် သူ စီစဉ်ပေးခဲ့တဲ့ ခရစ်စမတ်ပါတီ နဲ့ မျက်လှည့်ပွဲမှာလည်း နေပေးခဲ့ပါတယ်။ သူ့ရဲ့ပရဟိတအလုပ်တွေက သူ့ကို ကောင်းမွန်တဲ့အနာဂတ်၊ တောက်ပတဲ့အနာဂတ်ဆီ ခေါ်ဆောင်သွားမယ်လို့ မျှော်လင့်ထားတာပါ။ ပရဟိတအလုပ်တွေလုပ်ရတာက သူ့ကို ပျော်ရွင်စေတယ်လို့ ဆိုပါတယ်။ အခြားသူတွေကို ဂရုစိုက်ကူညီပေးဖို့၊ အခြားသူတွေရဲ့ဘဝမှာ ပြောင်းလဲမှုတွေလုပ်ပေးဖို့အတွက် ငယ်တဲ့သူတွေလည်းလုပ်နိုင်တယ်ဆိုတာကို ဂျက်ဆန်က သက်သေပြနေပါတယ်။

Ref: CBSNews “13-year-old raises nearly $6,000 to buy presents for kids in need”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top