မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေအတွက် ငွေအများအပြားထောက်ပံ့ပေးမယ့် ကိုဗစ်ကာလ ထောက်ပံ့ရေးဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ဖို့ ဒေါ်နယ်ထရမ့် တိုက်တွန်း

23-12-2020-yyl06.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုဗစ်ကာလ ထောက်ပံ့ကူညီရေး ဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုပေးဖို့ ငြင်းဆန်ခဲ့ပြီး အမေရိကန်နိုင်ငံသားတစ်ဦးစီအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀ နှုန်းအထိ တိုးမြှင့်ထောက်ပံ့ပေးနိုင်အောင် ပြင်ဆင်ရေးဆွဲဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၉၀၀ ဘီလျံ တန်ကြေးရှိတဲ့ ထောက်ပံ့ကူညီရေး ဥပဒေကြမ်းမှာ အမေရိကန်နိုင်ငံသားအများစုကို အမေရိကန်ဒေါ်လာ ၆၀၀ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။
တွစ်တာပေါ်တင်ထားတဲ့ ဗီဒီယိုမှာ ဒေါ်နယ်ထရမ့်က ဥပဒေကြမ်းကနေ ဖြုန်းတီးရာရောက်ပြီး မလိုအပ်တဲ့ အပိုဆာဒါးတွေကို ဖြုတ်ချပစ်ဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပြီး အဲဒီဥပဒေကြမ်းက တကယ့်ကို မနှစ်မြို့စရာပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ” ကိုဗစ်ကာလ ထောက်ပံ့ရေးဥပဒေကြမ်းလို့ ခေါင်းစဉ်တပ်ထားပေမဲ့ ကိုဗစ်နဲ့ပတ်သက်တာ တစ်ခုမျှ မပါသလောက်နီးပါးပဲ”လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

” ဒီဥပဒေကြမ်းမှာ ကမ္ဘောဒီးယားအတွက် အမေရိကန်ဒေါ်လာ ၈၅.၅ သန်း၊ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၃၄ သန်း၊ အီဂျစ်နဲ့ အီဂျစ်စစ်တပ်အတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ (သူတို့က အဲဒီငွေကြေးနဲ့ ရုရှားဆီက စစ်လက်နက်တွေ ဝယ်မှာသေချာသလောက်ပဲ)။ ပါကစ္စတန်နိုင်ငံမှာ ဒီမိုကရေစီနဲ့ ကျား၊ မတန်းတူညီမျှရေး စီမံကိန်းအတွက် ဒေါ်လာ ၂၅ သန်း၊ ဘီလစ်၊ ကော်စတာရီကာ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ နိုင်ကရာဂွာ၊ ပနားမားနိုင်ငံတွေအတွက် ဒေါ်လာ ၅၀၅ သန်း ထောက်ပံ့ပေးဖို့ ပါဝင်နေပါတယ်။

လွှတ်တော်က ပြည်ပနိုင်ငံတွေ၊ လော်ဘီတွေနဲ့ အထူးအကျိုးစီးပွားအတွက် ငွေပေါပေါသီသီ သုံးပေမဲ့ အကူအညီလိုအပ်နေတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် အနည်းဆုံးပမာဏလောက်ပဲ ထောက်ပံ့ပေးတယ်။ ဒါက အမေရိကန်ပြည်သူတွေရဲ့ အမှားမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ အမှားပါ။ ဒီဥပဒေကြမ်းကို ပြင်ဆင်ဖို့၊ အဆမတန်နည်းလွန်းတဲ့ ဒေါ်လာ ၆၀၀ ပမာဏကို ဒေါ်လာ ၂၀၀၀ ဒါမှမဟုတ် ဇနီးမောင်နှံ ၂ ယောက်အတွက် ဒေါ်လာ ၄၀၀၀ ပေးဖို့ လွှတ်တော်ကို ကျွန်တော် တိုက်တွန်းပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

စာမျက်နှာ ၅၆၀၀ လောက် ပါဝင်တဲ့ အဲဒီဥပဒေကြမ်းဟာ အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် အရှည်လျားဆုံး ဥပဒေကြမ်းဖြစ်ဖွယ်ရှိပြီး တချို့လွှတ်တော်အမတ်တွေဟာ ဥပဒေကြမ်းကို ဖတ်မကြည့်ရဘဲ မဲပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီဥပဒေကြမ်းဟာ လာမယ့် ၉ လအတွင်း အမေရိကန်ပြည်ထောင်စုအစိုးရအေဂျင်စီတွေအတွက် အမေရိကန်ဒေါ်လာ ၁.၄ ထရီလျံ ပေးအပ်မယ့် အသုံးစရိတ်ရေးဆွဲမှုနဲ့ ဆက်နွှယ်နေလို့ ဒေါ်နယ်ထရမ့်က တစ်ချက်လွှတ်အမိန့်နဲ့ ပယ်ချမယ်ဆိုရင်တော့ ဒီဇင်ဘာလ ၂၉ ရက်မှာ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။

Ref: BBC ” Trump urges Congress to amend ‘wasteful’ coronavirus aid bill”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top