၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်၊ သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်ခဲ့ဟု SSPP ထုတ်ပြန်

23-12-2020-yyl10.jpg

ဒီဇင်ဘာလ ၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု၊ ဝမ်နွတ်ကျေးရွာတွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် တရားခံကို ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က ဒီဇင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၃၀ အရွယ် အမျိုးသားက အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်ကို နေအိမ်မှ ဖမ်းချုပ်ခေါ်ဆောင်ပြီး ချုံထဲတွင် အဓမ္မပြုကျင့်ခဲ့ပြီးနောက် လျှိုမြောင်အတွင်းသို့ ပစ်ချသတ်ဖြတ်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် အဓမ္မပြုကျင့်မှု၊ လူသတ်မှု စသည့် ပြစ်မှု ၂ ခုဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဟု ဆိုသည်။

ဒဏ်ရာများဖြင့် သေဆုံးနေသည့် ကလေးငယ်၏ အလောင်းကို ဒီဇင်ဘာ ၁၁ ရက်တွင် ရွာသားများက ပြန်လည်တွေ့ရှိခဲ့သည်။ ” ကျွန်တော်တို့ သေဒဏ်ပေးတယ်ဆိုတာကတော့ ပစ်မိန့်ပေးပြီး ကွပ်မျက်တာပါ”ဟု ရှမ်းပြည်တိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးအဆင့်ရှိ စိုင်းသန်းအောင်က ရိုးရာလေးသို့ ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် သီပေါမြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုမှာ SSPP တပ်ဖွဲ့ ထိန်းချုပ်ထားရာ နယ်မြေဖြစ်ပြီး SSPP မှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

Photo Credit – Nang Kham Nwe
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top