မိခင်အတွက် ခြံအလုပ်လုပ်ပြီး ဂိမ်းစက်ပါရောင်းပစ်ကာ ကားဝယ်ပေးခဲ့တဲ့ ၁၃ နှစ်သားလေး

5-1-2021-yyl-16.jpg

ခက်ခဲတဲ့အချိန်တွေ ကုန်ဆုံးပြီး ပိုကောင်းတဲ့ဘဝကို ရရှိဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ မိသားစုတစ်စုကတော့ နေရာအသစ်တစ်ခုကို ပြောင်းရွေ့ခဲ့တာပါ။ အဲဒီမိသားစုကတော့ ခရစ်စတယ် ဂျွန် ပရီစတန် (Krystal June Preston) နဲ့ သူ့ရဲ့ကလေး (၃) ဦးတို့ပါပဲ။ နီဗားဒါးပြည်နယ် (Nevada) ကို သူတို့သားအမိတစ်တွေ ပြောင်းရွှေ့ပြီးသွားတဲ့အချိန်မှာလည်း လမ်းပန်းဆက်သွယ်ရေးလည်း အဆင်မပြေခဲ့ပါဘူး။ ကိုယ်ပိုင်ကားလည်းမရှိတော့ မလွယ်ကူခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ခရစ်စတယ်က အံ့အားသင့်စရာတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ သူ့ရဲ့သားအကြီးဆုံး ၁၃ နှစ် ကလေးလေး ဝီလျံ ပရီစတန်က သူ့ကို ကားတစ်စီးနဲ့ အံ့အားသင့်အောင်လုပ်ခဲ့တာပါ။

ဝီလျံမှာ သူ့ရဲ့ချစ်လှစွာသောအမေ သွားရလာရတာအဆင်ပြေဖို့အတွက် ကူညီပေးနိုင်မယ့် အစီအစဉ်ရှိခဲ့တာပါ။ ဝီလျံက တခြားကလေးတွေလုပ်လေ့မရှိတဲ့ အရာတစ်ခုခုကို လုပ်ပြီး သူ့အမေကို ကူညီပေးဖို့ကြိုးစားခဲ့ပါတယ်။ အဲဒါကတော့ သူ့အမေ ကားတစ်စီးရဖို့အတွက် အလုပ်တွေလုပ်နေခဲ့လို့ပါပဲ။ ဝီလျံက သူ့အမေဆီလာပြီး ” မေမေ သား ကားတစ်စီးဝယ်ခဲ့တယ်” လို့ ပြောတော့ သူ့အမေက “ရယ်မောပြီး ဟုတ်လား၊ တကယ်ပေါ့” လို့ မယုံတဲ့ပုံစံနဲ့ ပြောခဲ့ပါတယ်။ ဝီလျံကလည်း “မဟုတ်ဘူး အမေ သား တကယ်ပြောနေတာ။ လာပါ။ သားတို့ သွားကြည့်မယ်” လို့ ပြောပါတယ်။ အဲဒါနဲ့ သူ့အမေလည်း နည်းနည်းခေါင်းရှုပ်သွားပြီး “ဘယ်နေရာကို သွားမှာလဲ” လို့တောင် ပြန်ပြီးမေးယူခဲ့ရပါတယ်။

ဝီလျံရဲ့အမေလည်း သူ့သားပြောနေတာတွေကို နားမလည်စွာနဲ့ပဲ သူခေါ်တဲ့နောက်ကို လိုက်သွားခဲ့ပါတယ်။ အိမ်အပြင်ရောက်တော့ အမျိုးသားတစ်ဦးစောင့်နေတာကို တွေ့ခဲ့ရတယ်။ “ဒီအန်တီက ကားမောင်းပို့ပေးခဲ့တာ၊ ဒါက အမေရဲ့ကားလေး”လို့ ဝီလျံပြောတော့ ခရစ်စတယ်လည်း မျက်ရည်ကျခဲ့ရပါတယ်။

ဝီလျံနဲ့ပါလာတဲ့အမျိုးသမီးကတော့ ဝီလျံတို့နေတဲ့ နေရာအနီးနားကပဲ အွန်လိုင်းပေါ်ကနေ ဈေးသင့်တဲ့ကားတွေကို ရောင်းနေတဲ့သူပါပဲ။ ဝီလျံက အဲဒီအမျိုးသမီးကို မြင်တွေ့ပြီး သူ့ရဲ့ Xbox ဂိမ်းစက်ကို ကားနဲ့အလဲလှယ်လုပ်ပေးဖို့၊ သူ့အတွက် ခြံအလုပ်တွေလည်း လုပ်ပေးမယ်လို့ တောင်းဆိုခဲ့တာပါ။ အစကတော့ အဲဒီအမျိုးသမီးက ဝီလျံရဲ့ကမ်းလှမ်းချက်ကို ငြင်းခဲ့ပေမဲ့ နောက်ပိုင်းကျတော့ အဲဒီအကြောင်း သေချာစဉ်းစားပြီး သူ သဘောတူတဲ့အကြောင်း စာပို့ခဲ့ပါတယ်။ အဲဒီကတည်းက ဝီလျံက အဲဒီကြင်နာတတ်တဲ့အမျိုးသမီးအတွက် ခြံအလုပ်တွေလုပ်ပေးနေခဲ့တာပါ။ ဝီလျံက ကားအတွက် ငွေပေးချေတဲ့အနေနဲ့ Xbox ဂိမ်းစက်ကို ရောင်းပစ်ခဲ့တဲ့အပြင် အဲဒီအမျိုးသမီးအတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။

ခရစ်စတယ်က သူ့ကို ကူညီဖို့လုပ်ခဲ့တဲ့ သူ့သားရဲ့လုပ်ရပ်အတွက် အရမ်းဂုဏ်ယူနေတဲ့အပြင် ကျေးဇူးလည်းတင်လို့မဆုံးဖြစ်နေပါတယ်။ “ကျွန်မရဲ့သားအတွက် အရမ်းဂုဏ်ယူမိပါတယ်။ သားလေးက လိမ္မာပြီးတော်တဲ့ကလေးလေးပါ။ အသက် ၁၃ နှစ်အရွယ်ကလေးလေးက သူ့ရဲ့အမေကို ကားဝယ်ပေးဖို့ အလုပ်လုပ်နေခဲ့တာကို သိရတာ အံ့အားသင့်ရပါတယ်။ ဝီလျံ၊ သားကို အမေချစ်တယ်၊ ကျေးဇူးလည်းတင်တယ်။ သားက နှလုံးရည်ပြည့်ဝတဲ့သူပါပဲ” လို့ ခရစ်စတယ်က ပြောပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကလည်း ဝီလျံရဲ့လုပ်ရပ်ကို လေးစားလို့နေပြီး ဝီလျံကို ကူညီပေးချင်တဲ့အတွက် GoFundMe ပေ့ချ်ကို ထောင်ခဲ့ပါတယ်။ GoFundMe ကနေ ဝီလျံရဲ့မိသားစုအတွက် ဒေါ်လာ ၁၃၀၀၀ ရရှိခဲ့ပါတယ်။

Ref: 13-Yr-Old Does Yard Work And Sells Xbox To Get His Single Mother A Car
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top