Code ရေးသားမှု ပြိုင်ပွဲမှာ အနိုင်ရပြီး အမေရိကန်ကုမ္ပဏီက အလုပ်ကမ်းလှမ်းပေမဲ့ အသက်ငယ်လို့ လုပ်ခွင့်မရခဲ့သူ

27-7-2022-yyl01.jpg

အိန္ဒိယလူမျိုး ဗီဒန့် ဒီအိုကိတ် ဆိုတဲ့ ကောင်လေးဟာ သူ့အမေရဲ့လက်တော့ပ်အဟောင်းနဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်ကို သုံးနေရင်း Code ရေးသားမှုပြိုင်ပွဲလင့်ခ်တစ်ခုကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ပြိုင်ပွဲဝင်ပြိုင်ဖို့ ဗီဒန့် ဆုံးဖြတ်ခဲ့တယ်။

နှစ်ရက်အတွင်း Code စာကြောင်း (၂၀၀၀) ကျော်ကို ရေးပြီး ပြိုင်ပွဲဝင်ခဲ့တယ်။ ဗီဒန့်က အဲဒီပြိုင်ပွဲမှာ အနိုင်ရသွားခဲ့တဲ့အပြင် ပြိုင်ပွဲကို ဦးစီးကျင်းပတဲ့ အမေရိကန်ကုမ္ပဏီဆီကနေလည်း အလုပ်ကမ်းလှမ်းချက်ရရှိခဲ့ပါတယ်။ ဗီဒန့်ဟာ ကမ္ဘာတစ်ဝှမ်းက ပြိုင်ပွဲဝင် အယောက် (၁၀၀၀) ထဲကနေ ရွေးချယ်ခံရပြီး အနိုင်ရခဲ့တာပါ။

နယူးဂျာစီပြည်နယ်အခြေစိုက်ကုမ္ပဏီက သူ့ကို HRD Team မှာ ကုဒ်ရေးသူတွေကို တာဝန်တွေပေးပြီး ဦးစီးပေးရတဲ့ ရာထူးနဲ့ ကမ်းလှမ်းခဲ့တာပါ။ ဗီဒန့်ဟာ တစ်နှစ်ကို လစာ ရူပီး ၃၃၀၀၀၀၀ ရရှိမှာပါ။ ဒါပေမဲ့ ကုမ္ပဏီက ဗီဒန့်ဟာ အသက် (၁၅) နှစ်ပဲ ရှိသေးတာကို သိသွားခဲ့ပြီး ကမ်းလှမ်းချက်ကို ရုပ်သိမ်းခဲ့ပါတယ်။ ကုမ္ပဏီကတော့ ဗီဒန့်ကို စိတ်မကောင်းမဖြစ်ဖို့နဲ့ ပညာရေးဆုံးခန်းတိုင်သွားတဲ့အခါကျရင် ကုမ္ပဏီကို ဆက်သွယ်ပေးဖို့ ပြောခဲ့ပါတယ်။

ဗီဒန့်က YouTube လို ဗီဒီယိုမျိုးတွေကို တင်လို့ရတဲ့၊ ကြည့်လို့ရတဲ့ animeeditor.com ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း ဖန်တီးထားပါတယ်။ သူ့ကျောင်းက သိပ္ပံပြပွဲတစ်ခုမှာလည်း ရေဒါစနစ်ပုံစံငယ်ကို ဒီဇိုင်းဆွဲခဲ့တာကြောင့် ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

ဗီဒန့်ရဲ့မိဘတွေက လက်ထောက်ပါမောက္ခတွေဖြစ်ပြီး ဗီဒန့်ကိုပညာရေးမှာ အာရုံမစိုက်နိုင်မှာဆိုးတာကြောင့် လက်တော့ပ် ဝယ်မပေးထားပါဘူး။ အခုတော့ ကျောင်းက သူတို့ကို ဗီဒန့် အလုပ်ကမ်းလှမ်းခံခဲ့ရတဲ့အကြောင်း အသိပေးခဲ့တာကြောင့် လက်တော့ပ်အသစ်တစ်လုံး ဝယ်ပေးနေပါပြီ။

Ref: Indiatimes “15-Year-Old Wins A High Paying Job In The US After Winning Coding Contest, Loses It After Firm Finds Out He’s Too Young”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top