ကယ်လီဖိုးနီယားကနေ ဟာဝိုင်အီအထိ လှေလှော်ခတ်သွားခြင်းဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အမျိုးသမီးအဖွဲ့

26-7-2022-yyl21.jpg

အမျိုးသမီးလှေလှော်သမား (၄) ဦးအဖွဲ့ဟာ ကယ်လီဖိုးနီးယားကနေ ဟာဝိုင်အီအထိ ရေမိုင်ပေါင်း (၂၄၀၀) ကျော် လှေလှော်ခတ်သွားခဲ့ပါတယ်။ အင်္ဂါနေ့မနက်ခင်းမှာ ဟာဝိုင်အီကို ရောက်ရှိပြီး သမိုင်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။

အဲဒီအမျိုးသမီး (၄) ဦးက လစ်ဘီ ကိုစတယ်လို၊ ဆိုဖီယာ ဒန်နီဆန် ဂျွန်စတန်၊ ဘရွန်ကီ ဒွန်နီစ်နဲ့ အန်ဒရန်နီ စမစ်တို့ပါ။ သူတို့အဖွဲ့နာမည်က Lat35 ဖြစ်ပြီး ဇွန်လမှာ The Great Pacific Race ဆိုတဲ့ ပြိုင်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ကနေ စတင်ခဲ့တာပါ။ ၃၄ ရက်၊ ၁၄ နာရီနဲ့ ၁၁ မိနစ်ကြာ လှေလှော်ခတ်သွားပြီးနောက် ဟာဝိုင်အီ၊ ဟိုနိုလူလူမြို့ကို ရောက်ရှိခဲ့ပါတယ်။

အမျိုးသမီး (၄) ဦးပါဝင်တဲ့ Lat35 အဖွဲ့

သူတို့အဖွဲ့က နှစ်နာရီအဆိုင်းနဲ့ အလှည့်ကျ လှေလှော်ကြပြီး တစ်နေ့ကို ပျမ်းမျှအားဖြင့် မိနစ် ၉၀ သာ အိပ်ကြရပါတယ်။ သမုဒ္ဒရာနက်ထဲ လှေလှော်တာက သူတို့အတွက် ပထမဆုံးအကြိမ်ပါပဲ။သူတို့တွေဟာ ဝမ်းစာအတွက် ပြင်ဆင်ထုပ်ပိုးထားတဲ့အစားအစာတွေကို ယူလာခဲ့ကာ လှေပေါ်မှာ ပြုတ်ပြီး စားသောက်ခဲ့တာပါ။ လှိုင်းမူးတဲ့ဒဏ်၊ လေပြင်းဒဏ်၊ ကြမ်းတမ်းတဲ့ပင်လယ်ဒဏ်တွေကိုလည်း ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။ သူတို့အဖွဲ့က အတားအဆီးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ ဆုံးဖြတ်ထားခဲ့ကြတာပါ။

Lat35 အဖွဲ့က the Anxiety and Depression Association of America အဖွဲ့အစည်းအတွက် ရန်ပုံငွေလည်း ရှာပေးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က အမျိုးသား (၄) ဦးအဖွဲ့တစ်ဖွဲ့လည်း ဆန်ဖရန်စစ္စကိုကနေ ဟိုနိုလူလူအထိ ရက်ပေါင်း ၃၀၊ ၇ နာရီနဲ့ ၃၀ မိနစ်ကြာ လှေလှော်ခြင်းဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့ပါသေးတယ်။ အဲဒီတုန်းက ၂၀၁၆ ခုနှစ်ရဲ့ ၃၉ ရက်၊ ၉ နာရီနဲ့ ၅၆ မိနစ် စံချိန်ကို ချိုးပစ်ခဲ့တာပါ။

Ref: ABCNews “All-female team breaks world record by rowing from California to Hawaii”

Team (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top