ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၅၂ ဦး ဝင်ရောက်ယှဥ်ပြိုင်သွားမယ် ပါတီဥက္ကဌ ဦးကိုကိုကြီးက ဇာတိမြို့ဖြစ်တဲ့ တောင်ဥက္ကလာပက ဝင်ရောက်ယှဥ်ပြိုင်မယ်

4-8-2020-yyl-028.jpg

ရန်ကုန် သြဂုတ် ၄
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဒီနေ့မွန်းလွဲမှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဇာတိမြို့ဖြစ်တဲ့ တောင်ဥက္ကလာပမြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
“တောင်ဥက္ကလာကို ရွေးချယ်တဲ့ကိစ္စက တစ်ခွန်းတည်းပြောရရင် ဇာတိသံယောဇဥ်ပါပဲ”လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ဒီထုတ်ပြန်ချက်အရ ပြည်သူ့ပါတီအနေနဲ့ မြို့နယ်ပေါင်း ၇၄ မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၀ ဦး၊ စုစုပေါင်း ၁၅၂ ဦးဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

“အမျိုးသမီးတွေ၊ လူငယ်တွေပါဝင်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားထားတယ်။ ဒါပေမဲ့ အမျိုးသမီးနဲ့ လူငယ်တွေ ဒီထက်မက ပါဝင်လာဖို့ တိုက်တွန်းချင်ပါတယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။

အခုလိုဝင်ရောက်ယှဥ်ပြိုင်မယ့် တိုင်းနဲ့ပြည်နယ်တွေထဲမှာ ရန်ကုန်တိုင်းက​နေ အများဆုံးဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
“နေပြည်တော်ဟာ မြို့တော်ဖြစ်သွားပေမယ့် ရန်ကုန်ဟာ နိုင်ငံရဲ့မျက်နှာစာဖြစ်တဲ့အတွက် ရန်ကုန်မှာ ပိုမိုဝင်ရောက်ယှဥ်ပြိုင်ဖြစ်တာ”လို့ ဦးကိုကိုကြီးက ဆိုပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top