သစ်စက်မတော်တဆအတွင်း သေဆုံးခဲ့တဲ့ ဆယ်ကျော်သက်လေးက မိခင်ဖြစ်သူအပါအဝင် အခြားသူတွေရဲ့အသက်ကို ကယ်တင်ပေးရာရောက်ခဲ့

16.7.23-yyl-1.jpg

ဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ သစ်စက်မှာ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ရတယ်။ သူ သေဆုံးခဲ့ပေမဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းပေးမှုနဲ့ သူ့မိခင်အပါအဝင် အခြားလူတွေကို ကယ်တင်နိုင်တော့မှာပါ။ အဲဒီကောင်လေးကတော့ ဝစ္စကွန်းဆင်းပြည်နယ်က မိုက်ကယ် ဆက်ချူးလ်ဆိုသူပါ။

ဇွန်လ ၂၉ ရက်နေ့က မိုက်ကယ်ဟာ သစ်စက်ရုံမှာ အလုပ်လုပ်ရင်း မတော်တဆမှုမှာ ပါဝင်ခဲ့ရတာပါ။ သစ်သားတန်းထိုးစက်ကို ဖွင့်ဖို့ ကြိုးစားရင်း ရွေ့လျားစက်ခါးပတ်ပေါ်မှာ သူ မတ်တပ်ရပ်နေခဲ့တဲ့အချိန်မှာ ခါးပတ်က ရွေ့လျားပြီး သူ့ကို ဖိညှပ်ထားခဲ့ပါတယ်။ မိုက်ကယ် အခုလိုဖြစ်နေတာကို အခြားလုပ်ဖော်ကိုင်ဖက်မတွေ့ခင် ရွေ့လျားစက်ခါးပတ်ပေါ်မှာ ၁၇ မိနစ်လောက် ရှိနေခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံမှာ ကုသမှုခံယူနေစဉ် ၂ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

မိုက်ကယ်က စက်နဲ့ဖိညှပ်မိသွားတာကြောင့်ဖြစ်တဲ့ traumatic asphxiation (ရင်ဝကို ပြင်းထန်စွာဖိမိတာကြောင့်ဖြစ်ပေါ်လာတဲ့ ဆေးဘက်ဆိုင်ရာအခြေအနေ) ကြောင့် သေဆုံးသွားခဲ့တာပါ။

ဇူလိုင်လ ၂ ရက်က မိုက်ကယ်ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက သူ့အမေအပါအဝင် လူ (၇) ဦးကို ကယ်တင်ရာမှာ အကူအညီပေးမှာဖြစ်တယ်လို့ မိုက်ကယ်ရဲ့မိသားစုက ဆိုပါတယ်။ သူ့အမေက အသည်းအစားထိုးဖို့လိုအပ်နေခဲ့တာပါ။ သူ့ရဲ့အသည်းက သူ့အမေနဲ့ကိုက်ညီတဲ့အတွက် ကံကောင်းသွားခဲ့ပါတယ်။ မိုက်ကယ်က နှလုံးသားဖြူစင်ပြီး ဘယ်သူ့ကိုမှ နာကျင်အောင်မလုပ်ခဲ့သလို ဘာအမှားမှလည်းမလုပ်ခဲ့ဘူးလို့ သူ့အဖေဖြစ်သူက ပြောပါတယ်။

မိုက်ကယ်ရဲ့မိသားစုကိုယ်စား ဖွင့်ထားတဲ့ GoFundMe ပေ့ချ်က ပြီးခဲ့တဲ့သောကြာနေ့ကအထိ ဒေါ်လာ ၂၃၀၀၀ ကျော် ရရှိထားပါတယ်။

Ref: 16-Year-Old Who Died in Sawmill Accident Saves Mom’s Life with Liver Donation: ‘Perfect Match’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top