ကမ္ဘာ့အမည်းနက်ပစ္စည်းကို ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် ဖန်တီး

171025122157-darkest-black-lynx-exlarge-169.jpg

ကမ္ဘာ့အမည်းဆုံး လူလုပ်ပစ္စည်းတစ်ခုအဖြစ် မှတ်တမ်းတင်ထားခြင်းခံရတဲ့ Vantablack ဟာ မည်းနက်လွန်းတဲ့အတွက် လူမျက်စိနဲ့ ကြည့်ရှုရင်တောင် အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်စေနိုင်တယ် လို့သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ Vantablack ဟာ အရောင်တစ်ခုဟုတ်ပဲ အရောင်ဆိုတဲ့ ဖြစ်တည်မှု မရှိတဲ့အတွက် ဖြစ်ပါတယ်။

Vantablack ကို အင်္ဂလန် ပညာရှင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Surrey NanoSystems က လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စတင်ဖန်တီးခဲ့တာ ဖြစ်ပြီး Vantablack ဟာ မည်းနက်လွန်းတဲ့အတွက် သူ့ရဲ့ မျက်နှာပြင်ပေါ်ကျရောက်တဲ့ အလင်းရောင်ရဲ့ 99.96 % ကို စုပ်ယူနိုင်တယ် လို့သိရပါတယ်။

Vantablack ပစ္စည်းကို အဆောက်အဦးတစ်ခုရဲ့ သုတ်ဆေးတစ်ခု အဖြစ် သုတ်ထားတဲ့အခါမှာ Vantablack တွေဟာ အရာဝတ္ထုတွေရဲ့ ရှုထောင့်ကို ပြောင်းလဲစေမှာ ဖြစ်ပြီး 3D ရှုထောင့် ပစ္စည်းတွေကို လုံးဝပြားသွားတဲ့ ပုံစံနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

“ဒီပစ္စည်းဟာ သိမြင်ခြင်းရဲ့ အခြေခံစည်းမျဉ်းတွေကို ချိုးဖျက်နိုင်ပါတယ်။ ဒီ ပစ္စည်းဟာ အလင်းပြန်ပေးရမယ့်အစား အလင်းရောင်ကို စုပ်ယူပေးတဲ့အတွက် 3D ပစ္စည်းတွေကို 2D ပစ္စည်းတွေ အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါဟာ ဗိသုကာပညာရပ်မှာ တိုးတက်မှုကြီးတစ်ခုပါပဲ ”လို့ Vantablack ပစ္စည်းကို တီထွင်တဲ့အဖွဲ့ထဲက ဗိသုကာပညာရှင် အဆစ်ခန် (Asif Khan) က CNN သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

Vantablack ပစ္စည်းကို အသုံးပြုထားပြီး တည်ဆောက်ထားတဲ့ ဗြိတိန်ဗိသုကာ လက်ရာ အဆောက်အဦးတစ်ခုကို ၂၀၁၈ ခုနှစ် တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ပြသသွားဖို့ ရှိနေပါတယ်။

ဒီအဆောက်အဦးမှာ ဆိုရင် ကွေးကောက်နေတဲ့ နံရံတွေ ပါဝင်အောင် တည်ဆောက်ထားပေမဲ့ Vantablack ပစ္စည်းကြောင့် အဝေးကကြည့်မယ်ဆိုရင် အမည်းရောင်နံရံကြီးတစ်ခုကိုသာ မြင်ရမှာ ဖြစ်ပါတယ်။ အဆောက်အဦးရဲ့ နံရံတွေထဲမှာ မီးလုံးလေးတွေ ထွန်းထားမှာ ဖြစ်ပြီး ဒီမီးလုံးလေးတွေဟာ ညဘက်ကောင်းကင်ပြင်မှာ မှိတ်တုတ် မှိတ်တုတ်လင်းနေတဲ့ ကြယ်လေးတွေနဲ့ တူမှာ ဖြစ်တယ် လို့သိရပါတယ်။

Vantablack ပစ္စည်း ၁ စတုရန်း စင်တီမီတာမှာ ကာဗွန် အသေးစားပြွန်လေးတွေ ၁ ဘီလီယံ ခန့်ပါဝင်ပြီး အလင်းဝင်ရောက်လာတဲ့အခါ အလင်းဟာ ပြွန်လေးများကြား ပိတ်မိပြီး အပူအဖြစ် ပြောင်းလဲသွားနိုင်တယ် လို့သိရပါတယ်။ ဒါ့အပြင် Vantablack ပစ္စည်းဖြန်းပေးနိုင်တဲ့ Vantablack S-VIS ဆိုတဲ့ ပစ္စည်းလည်းရှိပြီး ဒီကိရိယာဟာ အရာဝတ္ထုတွေရဲ့ မျက်နှာ ပြင်ပေါ်  Vantablack ကိုဖြန်းပေးနိုင်မှာ ဖြစ်ပါတယ်။

Vantablack ကို တီထွင်တုန်းကတော့ အာကာသ အင်ဂျင်နီယာလုပ်ငန်းတွေအတွက် တီထွင်ခဲ့တာ ဖြစ်ပေမဲ့ ယခုအချိန်မှာတော့ ပစ္စည်းအမျိုးမျိုးမှာ အသုံးပြုလျက်ရှိနေပါတယ်။ Vantablack ကို လက်ရှိအချိန်မှာ နာရီထုတ်လုပ်တဲ့ ဆွီဒင်ကုမ္ပဏီ MCT ကနေ့ ဒေါ်လာ ၉ သောင်းခွဲတန် နာရီ ထုတ်လုပ်ရာမှာ အသုံးပြုထားကြောင်းသိရပါတယ်။ ဒီနာရီမှာဆိုရင် Vantablack ကို နောက်ခံအဖြစ် သုံးထားတာကြောင့် အလင်းရောင်ထည့်ထားတဲ့ နာရီလက်တံတွေက အာကာသထဲမှာ မျှောနေတဲ့ ကြယ်ပွင့်တွေနဲ့ သဏ္ဍာန်တူနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Vantablack ကို ဆွီဒင်နိုင်ငံမှ ကုမ္ပဏီကလည်း တယ်လီစကုတ်ထဲကို အလင်းမဝင်အောင် အသုံးပြုထားပြီး Vantablack ကြောင့် သတ်မှတ်ထားတဲ့ နေရာမှ အလင်းများသာဝင်မှာ ဖြစ်ပြီး တခြား မလိုအပ်တဲ့ အလင်းတွေ မဝင်ရောက်အောင် ကာကွယ်ပေးမှာဖြစ်တယ် လို့သိရပါတယ်။

Ref : News : Darkest material on Earth

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top